Saturday, March 15, 2014

(၆၅)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်

တောင်ကြီး၊ ၂၀၁၄ ခုနှစ်၊ မတ်လ(၁၅)ရက်
 

ပအိုဝ်းအမျိုးသားများ၏ အထွဋ်အထိပ် နေ့ထူးနေ့မြတ်ဖြစ်သော တပေါင်းလပြည့်နေ့ကို  (၆၅)ကြိမ်မြောက်အဖြစ် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျှက်ရှိကြောင်း သတင်းရရှိပါသည်။
 

ယခုနှစ် ပွဲကို (၁၂.၃.၂၀၁၄)ရက်နေ့တွင် ဖွင့်ပွဲကျင်းပပြုလုပ်ပြီး၊ (၁၅.၃.၂၀၁၄)ရက်နေ့ နံနက်ပိုင်း(၈း၀၀)နာရီအချိန်တွင် ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်း (ဒဲဉ်သီးဗွေကွင်း) ၌ အလံတင်ခြင်းအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရှိရပါသည်။
 

ယင်းအလံတင်ခြင်း အခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးနေ၀င်းထွန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေနှင့် ဦးခွန်ဝင်းကို၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင်၊ ရှမ်းပြည်နယ် ဘဏ္ဍာအခွန်ဝန်ကြီး ဦးခွန်သိန်းမောင်၊ (PNO)အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့မှ ဦးခွန်လာ၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ပအိုဝ်းအမျိုးသမီးအဖွဲ့ဝင်များ၊ ပအိုဝ်းလူငယ်ကွန်ယက်အဖွဲ့ဝင်များ၊ ပအိုဝ်းအနုပညာအဖွဲ့ဝင်များ၊ မြို့နယ်ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ပါရမီကွန်ယက် အဖွဲ့ဝင်များ၊ တောင်ကြီးတက္ကသိုလ်ကျောင်းသားကျောင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်များ စုစုပေါင်းအင်အား(၁၅၀၀)ကျော်ခန့် တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။
 

အခမ်းအနား အစီအစဉ်တွင် ဘင်ခရာတပ်ဖွဲ့နှင့် အဖွဲ့အသီးသီးမှ ချီတက်နေရာယူပြီး အလံတင်ခြင်း၊ အမျိုးသားသီချင်း သီဆိုခြင်း၊ အလံအလေးပြုခြင်း၊ ကျဆုံးပြီး အာဇာနည်ခေါင်းဆောင်များနှင့် ရဲဘော်များအား အလေးပြုခြင်း ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ ဆက်လက်ပြီး သဘာပတိများမှ နေရာယူပြီး အလှည့်ကျ သဘာပတိ ဦးခွန်စံလွင် မှ သဘာပတိ အမှာစကား ပြောကြားခြင်း၊ အမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီ ၏ သ၀ဏ်လွှာကို ဦးခွန်လာ မှ ဖတ်ကြားခြင်း၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၏ သ၀ဏ်လွှာကို ဦးခွန်သိန်းဖေ မှဖတ်ကြားခြင်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ၏ သ၀ဏ်လွှာကို ဦးခွန်သိန်းမောင်မှ ဖတ်ကြားခြင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ သ၀ဏ်လွှာ ကို သ၀ဏ်လွှာကို ပအိုဝ်းအမျိုးသမီးအဖွဲ့မှ ဒေါ်နန်းဝင်းကြည်မှ ဖတ်ကြားခြင်းနှင့် ပွဲဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခွန်ဝင်းကိုမှ နိဂုံးချုပ် အမှာစကား ပြောကြားပြီး နံနက်(၉း၃၀)နာရီ အချိန်တွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
 

အဆိုပါ နံနက်ပိုင်း၌ တောင်ကြီးမြို့ပေါ်တွင် မြို့နယ်ပေါင်းစုံ၊ ကျေးရွာအုပ်စုပေါင်းစုံ၊ ရပ်ကွက်ပေါင်းစုံမှ အလှူပဒေသာပင်များဖြင့် ညောင်ပင်သာရပ်ကွက်မှ စတင်၍ ပထမတောင်ကျောင်းကြီးကျောင်းတိုက်သို့ ဗိုလ်ချုပ်အောင်ဆန်း လမ်းအတိုင်း စည်ကားသိုက်မြိုက်စွာ ချီတက်လှည့်လည်သွားကြောင်း သိရှိရပါသည်။
နေ့လည်ပိုင်းတွင် ပထမတောင်ကျောင်းကြီးကျောင်းတိုက်၌ ပင့်သံဃာတော်များအား ဆွမ်း၊ ခဲဖွယ်များဖြင့် ဆက်ကပ်ပြီး လှူဖွယ်ဝတ္ထု အစုစုတို့ဖြင့် အနုမောဒနာတရားတော် နာယူခဲ့ကြောင်း သိရှိရပါသည်။
 


KMT (တောင်ကြီး)

Powered by Blogger.