Tuesday, April 22, 2014

ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ ကျောက္ကချား ကျေးရွာ (မဲနယ်တောင်) တွင် PWEF နှင့် PYN တို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီ ဗုဒ္ဓ ယဉ်ကျေးမှုနှင့် အင်္ဂလိပ်စာ သင်တန်း ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

တောင်ကြီး၊ ၂၀၁၄ ခုနှစ်၊ ဧပြီလ (၂၂) ရက်

ALL PHOTOS BY KMT
ပအိုဝ်းအမျိုးသမီး ပညာရေးဖေါင်ဒေးရှင်း (PWEF) နှင့် ပအိုဝ်းလူငယ်ကွန်ယက် (PYN) တို့ ပူးပေါင်း ဖွင့်လှစ်သည့် ပညာဒါန နွေရာသီ ဗုဒ္ဓ ယဉ်ကျေးမှုနှင့် အင်္ဂလိပ်စာ သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသ၊ စံဖူးကျေးရွာအုပ်စု၊ ကျောက္ကချား ကျေးရွာ၊ နမ်းဟုတ် ဘုန်းတော်ကြီးကျောင်းတွင် (၂၁.၄.၂၀၁၄) ရက်နေ့ နံနက် (၉း၃၀) နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

အောင်မင်္ဂလာဆရာတော်ဘုရားထံ သြ၀ါဒခံယူ
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ တောင်ကြီးမြို့ အောင်မင်္ဂလာကျောင်း ဆရာတော်၊ ရန်ကုန်မြို့ မြောက်ဥက္ကလာပ မြို့နယ်၊ သီရိဇေယွန်ကျောင်းတိုက် မှ ဦးယုဇန၊ နမ့်ဟုတ်ကျောင်း သံဃာတော်များ ကြွရောက်ချီးမြှင့်ကြပြီး၊ ဟိုပုံးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခွန်သိန်းဖေ၊ ပအိုဝ်းလူငယ် ကွန်ယက် ဥက္ကဌ ဦးခွန်ထွန်းရွှေ၊ ပအိုဝ်းအမျိုးသမီး ပညာရေးဖေါင်ဒေးရှင်း ဥက္ကဌ ဒေါက်တာခင်သန်းနွဲ့၊ တောင်ကြီးမြို့ ပအိုဝ်းအမျိုးသမီး အဖွဲ့၊ ဟိုပုံးမြို့နယ် ပအိုဝ်းလူငယ်ကွန်ယက်အဖွဲ့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) မှ မြို့နယ် ကော်မတီဝင်များ၊ သင်တန်းပို့ချမည့် ဆရာ၊ ဆရာမများ၊ ရပ်မိရပ်ဖများနှင့် ကျောင်းသူ၊ ကျောင်းသားများ စုစုပေါင်း (၈၀၀) ဦး ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ဦးယုဇနထံ သြ၀ါဒခံယူ


ဖွင့်ပွဲ အခမ်းအနား အစီအစဉ်အရ အောင်မင်္ဂလာကျောင်း ဆရာတော်ဘုရားထံမှ ငါးပါးသီလခံယူကာ ပူဇော်ကန်တော့ခြင်း၊ သြ၀ါဒခံယူခြင်း၊ ဦးယုဇနထံမှ သြ၀ါဒခံယူခြင်း၊ ထို့နောက် ဦးခွန်သိန်းဖေ၊ ဦးခွန်ထွန်းရွှေ၊ ဒေါက်တာခင်သန်းနွဲ့၊ သင်တန်းဖြစ်မြောက်ရေး ကော်မတီ ဦးဖြူတို့မှ အတိတ်၊ ပစ္စုပ္ပန်ကာလ မြန်မာနိုင်ငံ နိုင်ငံရေး၊ လူမှုရေး၊ စီးပွါးရေး၊ ပညာရေး၊ ကျန်းမာရေး အခြေအနေများ၊ အနာဂါတ်ကာလတွင် မရှိမဖြစ် အရေးပါလာမည့် အင်္ဂလိပ်စာနှင့် စကား တတ်မြောက်ရေး လိုအပ်ချက်များ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သိကောင်းစရာများ၊ ဗုဒ္ဓ ဘာသာ ယဉ်ကျေးမှု အရေးကြီးပုံများကို အကျယ်တ၀င့် ရှင်းလင်း ဟောပြောခဲ့ကြပြီး နေ့လည် (၁း၀၀) နာရီ အချိန်တွင် အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းသွားခဲ့ကြောင်း သိရှိရပါသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေ

ပအိုဝ်းလူငယ်ကွန်ယက် (PYN) ဥက္ကဌ ဦးခွန်ထွန်းရွှေ

ပအိုဝ်းအမျိုးသမီးပညာရေးဖေါင်ဒေးရှင်းဥက္ကဌ ဒေါက်တာခင်သန်းနွဲ့

သင်တန်းဖြစ်မြောက်ရေး ကော်မတီ ဦးဖြူ


KMT (ခွန်ဖြားဗွာခမ်း)
Powered by Blogger.