Wednesday, June 11, 2014

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) မှ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့နယ်ခွဲအတွင်း ကိုးန၀င်းစေတီ တည်ထား ကိုးကွယ်ရန်နှင့် ပင်လုံဘော်ဒါဆောင် အတွက် မတည်ရံပုံငွေ လှူဒါန်းပွဲ အခမ်းအနား

တောင်ကြီး၊ ၂၀၁၄ ခုနှစ်၊ ဇွန်လ (၁၂) ရက်

ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO) မှ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့နယ်ခွဲအတွင်း ကိုးန၀င်းစေတီ တည်ထားကိုးကွယ်ရန်နှင့် ပင်လုံမြို့ရှိ ကျေးလက်လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး ဘော်ဒါဆောင် အတွက် ငွေလှူဒါန်းပွဲ  အခမ်းအနားကို (၁၀.၆.၂၀၁၄) ရက်နေ့ ပင်လုံမြို့နယ်ခွဲ နောင်ခွတ်ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်သွားခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါ အခမ်းအနားသို့ ပင့်ကျောင်း (၁၄) ကျောင်းမှ ဆရာတော်၊ သံဃာတော်များ၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO) နာယက ဦးခွန်ချစ်မောင်၊ ပအိုဝ်းအမျိုးသားတပ်မတော် (PNA) မှ ဦးခွန်လာ၊ (PNO) ဗဟိုအလုပ်အမှုဆောင်များဖြစ်သော ဦးခွန်ချွန်းနှင့် ဦးခွန်တင်ထွဋ်၊ ရုံးအဖွဲ့ဝင်များ၊ ပင်လုံဘော်ဒါဆောင် ကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့် ဖိတ်ကြားထားသော ဧည့်သည်များ ကြွရောက်ကြပါသည်။

ငွေလှူဒါန်းပွဲ အခမ်းအနားကို မွန်းလွဲ (၁၂း၀၀) နာရီ အချိန်တွင် စတင်ကျင်းပပြီး ဦးစွာ ပထမ ပင်လုံမြို့၊ ၀ါးခြာ ဝေဠုဝန်ကျောင်း ဆရာတော် မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ ပညာဝံသ ဆရာတော်ဘုရားထံ ငါးပါးသီလနှင့် သြ၀ါဒခံယူရာ ဆရာတော်မှ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO) အနေဖြင့် လွိုင်လင်မြို့နယ်၊ ပင်လုံမြို့နယ်ခွဲရှိ ဒေသခံ မိဘပြည်သူများ ကိုယ်ရောစိတ်ပါ အေးအေးချမ်းချမ်း နေထိုင်နိုင်စေရန် ကိုးန၀င်းစေတီတော် တည်ထားကိုးကွယ်ရန် အတွက် လှူဒါန်းခြင်းနှင့် ကျေးလက်လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်သော ငွေပဒေသာပင် ရံပုံငွေ မြတ်ဒါန ကုသိုလ်အလှူတို့အား ဆရာတော်အနေဖြင့် များစွာ ၀မ်းသာအားရပါကြောင်း မိန့်ကြားပါသည်။

ဦးခွန်လာမှ ငွေလှူဒါန်းရသည့် အကြောင်း ရှင်းလင်းရာ ပြီးခဲ့သည့် (၃၀.၅.၂၀၁၄) ရက်နေ့တွင် တောင်ကြီး လုံးကောင် ချိန်ခါမှီ ပရဟိတကျောင်းတွင် လုံးကောင် ပရဟိတကျောင်း အတွက် ငွေကျပ် သိန်း (၁၀၀)၊ ပအိုဝ်းသီလရှင် စာသင်ကျောင်းဆောင် ဆောက်လုပ်ရန် အေးသာယာမြို့သစ်ရှိ ပေ (၄၀x၆၀) မြေကွက် (၄) ကွက်၊ ပအိုဝ်းအမျိုးသမီး ပညာရေးဖေါင်ဒေးရှင်း အတွက် မတည်ရံပုံငွေ သိန်း (၂၀) အသီးသီး လှူဒါန်းခဲ့ပြီး ဖြစ်ပါကြောင်း၊  ယနေ့တွင် လွိုင်လင်မြို့နယ်၊ ပင်လုံမြို့နယ်ခွဲရှိ မိဘပြည်သူများ ကိုယ်ရော စိတ်ပါ အေးအေးချမ်းချမ်း နေထိုင်နိုင်စေရန် ရည်ရည်ပြီး ကျူးဗောအရပ်တွင် ကိုးန၀င်းစေတီကို တည်ထား ကိုးကွယ်ရန်နှင့် ပင်လုံမြို့ရှိ ကျေးလက်လူငယ် ဖွံ့ဖြိုးတိုးတက်ရေး ဘော်ဒါဆောင်အတွက် အလှူငွေများ လှူဒါန်းသွားမည် ဖြစ်ကြောင်း ရှင်းလင်းတင်ပြ ခဲ့ပါသည်။

ငွေလှူဒါန်းခြင်း အစီအစဉ်တွင်
(က)      ကိုးန၀င်းစေတီ တည်ထားကိုးကွယ်ရန် အတွက်
            - ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO) မှ လှူဒါန်းငွေ ကျပ်သိန်း (၃၀)
     - ပအိုဝ်းအမျိုးသား တပ်မတော် (PNA) အသွင်ပြောင်း ပြည်သူ့စစ် (ဌာနေ) မှ လှူဒါန်းငွေ (၁၅) သိန်း
    - ဗိုလ်ကြီးခွန်ကျွန်းမှ ကျပ် (၂) သိန်း
    - ပင်လုံမြို့ အဖွါးတစ်ဦးမှ ကျပ် (၂) သိန်း
(ခ)    ပင်လုံ ပရဟိတ လူငယ်ဖွံ့ဖြိုးရေး ဘော်ဒါဆောင်အတွက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) မှ          လှူဒါန်းငွေ ကျပ်သိန်း (၅၀) တိတိ
(ဂ)    ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO)နှင့် ပအိုဝ်းအမျိုးသား တပ်မတော် (PNA) တို့မှ ပအိုဝ်း တော်လှန်ရေး ခေါင်းဆောင်များ ဖြစ်ခဲ့သော ဖြားဆရာဟွိုင်၊ ဖြားဆရာကြို့ နှင့်
 ဖြားဆရာယော တို့အား လူမှုရေး ထောက်ပံ့ငွေအဖြစ် ငွေကျပ် (၃) သိန်းစီ ပေးအပ်ခဲ့ပါသည်။


ကိုးန၀င်းစေတီနှင့် ပရဟိတ ဘော်ဒါဆောင်လှူဒါန်းခြင်းအတွက် ဟွေးသင်ကျောင်း  အရှင် ၀ရသာမိ ထံ အနုမောဒနာ တရားတော်နာယူပြီး ရေစက်ချ အမျှပေးဝေခဲ့ပါသည်။ ထို့နောက် ဒေသခံတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားသွားခဲ့ပြီးနောက် ရတနာသုံးပါးအား ထပ်မံ ကန်တော့ကာ “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုပြီး ငွေလှူဒါန်းခြင်း အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။


KMT (ခွန်ဖြားဗွာခမ်း)

   

Powered by Blogger.