Friday, August 29, 2014

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) နှင့် SSA တပ်များအကြား နယ်မြေအငြင်းပွားမှုဖြစ်ပွား

 တောင်ကြီး၊ ၂၀၁၄ ခုနှစ်၊ သြဂုတ်လ (၃၀) ရက်


ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) နဲ့ ရှမ်းပြည်တောင်ပိုင်း တပ်မတော် SSA တို့အကြား ထိမ်းချုပ်နယ်မြေ သတ်မှတ်တာနဲ့ ပတ်သက်ပြီး အငြင်းပွားမှု ဖြစ်ပွားလို့ တိုက်ပွဲတွေ ဖြစ်လာနိုင်တဲ့ အခြေအနေ ရောက်နေတယ်လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ပြောကြပါတယ်။
ရှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသမှာ အစိုးရနဲ့ ငြိမ်းချမ်းရေး ရယူထားတဲ့ PNLA အဖွဲ့က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်နေစဉ်မှာ RCSS/SSA က သြဂုတ်လ ၈ရက်နေ့ နောက်ဆုံးထားပြီး အဲဒီဒေသတွင်းက ထွက်ခွာဖို့ စာပို့ခဲ့တယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ ဥက္ကဌ ခွန်မြင့်ထွန်းက ပြောပါတယ်။
ဆက်လက်ပြီး သြဂုတ်လ ၁၅ရက်နေ့မှာ စာထပ်ပေးပို့ခဲ့ပြီး သြဂုတ်လ ၂၁ရက်နေ့မှာ (PNLA) တပ်သား ၃ဦးကို ဖမ်းစီးသွားခဲ့တယ်လို့ ဆိုပါတယ်။ ခွန်မြင့်ထွန်းက…"RCSS က ကျနော်တို့ကို ကျနော်တို့က ဒီအစိုးရနဲ့ သဘောတူထားတဲ့ ဖွံ့ဖြိုးရေးတွေ လုပ်တာ သူ့ထိန်းချုပ်နယ်မြေ ဆိုပြီး တိုက်မလို့ ဘာညာဖြစ်နေတာ၊ ကျနော်တို့ကလည်း ပြန်တိုက်ရမယ်ဖြစ်နေ အဲ့လိုတွေ ကျနော်တို့ တပ်ဖွဲ့ဝင် ၃ ယောက်ကိုသူတို့ ဖမ်းထားတယ်၊ ၂၁ ရက်နေ့ထဲက ဖမ်းထားတာ" ဒီကိစ္စနဲ့ပတ်သက်ပြီး RCSS/SSA အဖွဲ့ကို ဆက်သွယ်မေးမြန်း ခဲ့ရာမှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ UNFC ညီလာခံမှာ ရောက်ရှိနေတဲ့ SSA တောင်ပိုင်းက တာဝန်ခံအရာရှိ တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးစိုင်းငင်းက ခုလိုပြောပါတယ်။
"ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဘာမှ မှတ်ချက်မပေးလို သေးပါဘူး၊ အခုထိ ကျနော်တို့ ညှိနေတဲ့ အခြေအနေပဲ ရှိပါသေးတယ်၊ နောက်ပြီးတော့ ဒီနယ်မြေက အရင်တုန်းကလည်း ကျနော်တို့နေတဲ့ နယ်မြေတွေပါ၊ အစိုးရကလည်း ဒါသူတို့ကို ပေးတယ် ဆိုတာလည်း ကျနော်တို့ကိုလည်း ဘာမှ တိုင်ပင်တာ မရှိပါဘူး၊ ကျနော်တို့နှစ်ဖက် ညှိနေကြတယ်"
ဒီပြဿနာနဲ့ ပတ်သက်ပြီး UNFC ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ကို တင်ပြပြီး ကြားဝင်ဆောင်ရွက်ဖို့ အစီအစဉ်ရှိတယ်လို့ ပအိုဝ်းလွတ်မြောက်ရေးအဖွဲ့ ဥက္ကဌ ခွန်မြင့်ထွန်းကလည်း ပြောပါတယ်။

မှတ်ချက်    ။ RFA Burmese ၏ http://www.rfa.org/burmese/news/pnla-ssa-08302014003620.html မှ ကူးယူဖော်ပြပါသည်။

Powered by Blogger.