Wednesday, December 24, 2014

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် ပအိုဝ်းအမျိုးသားများ ဆန္ဒထုတ်ဖော်ပွဲ ကျင်းပ

တောင်ကြီး၊ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်


ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် ပအိုဝ်းတစ်မျိုးသားလုံး ပါဝင်သောသာ ပအိုဝ်းအမျိုးသားများ ဆန္ဒထုတ်ဖော်ပွဲကို  ယနေ့ (၂၄-၁၂-၂၀၁၄)၊  ဗုဒ္ဓဟူးနေ့  ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့တွင် ကျင်းပခဲ့ပါသည်။ဤသို့ဆန္ဒထုတ်ဖော်ရခြင်းမှာ- “ မြန်မာနိုင်ငံတွင် ဆွေးနွေးနေသော ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများကို အောင်မြင်ပြီးဆုံးသည်အထိ အစိုးရက ဆောင်ရွက်ပေးရန်၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး များကို အစိုးရက အမြန်ဆုံး ဆောင်ရွက်ပေးရန်၊ တိုင်းရင်းသား များ၏ အခွင့်အရေးနှင့် လိုလားတောင်းဆိုချက်များကို ဥပဒေများ ပြဌာန်းဆောင်ရွက်ပေးရန်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တိုင်းရင်းသားများ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာနိုင်အောင် အစိုးရမှ ဆောင်ရွက်ပေးရန် ” စသည့် တောင်းဆိုချက်များဖြင့် ဆန္ဒထုတ်ဖော်ခဲ့ပါသည်။


ယင်းဆန္ဒထုတ်ဖော်ပွဲတွင် ရှမ်းပြည်တောင်ပိုင်းအတွင်းရှိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အဖွဲ့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဗဟိုဌာနချုပ်ရုံးအဖွဲ့၊ ပအိုဝ်းလူငယ်ကွန်ယက် (PYN) အဖွဲ့၊ ပါရမီ လူမှုဖွံ့ဖြိုးရေးအသင်း၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှု (ဗဟို) အဖွဲ့၊ ပအိုဝ်းအမျိုးသမီး ပညာရေးဖောင်ဒေးရှင်းအဖွဲ့၊ ပအိုဝ်းတိုင်းရင်းဆေးဆရာများအဖွဲ့၊ ပအိုဝ်းအနုပညာအဖွဲ့၊ ပအိုဝ်းမော်အဖွဲ့၊ ပြည်သူ့ဆက်ဆံရေးနှင့် နိုင်ငံခြားဆက်ဆံရေး ဆပ်ကော်မတီအဖွဲ့၊ ပအိုဝ်းလူမှုဥပဒေအသင်း၊ ပအိုဝ်းစာပေသင်ကြားရေး ကြီးကြပ်မှုကော်မတီအဖွဲ့၊ ထို့အပြင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ ဟိုပုံးမြို့နယ် ပြည်သူလူထုအဖွဲ့၊ ဆီဆိုင်မြို့နယ် ပြည်သူလူထုအဖွဲ့၊ ပင်လောင်းမြို့နယ် ပြည်သူလူထုအဖွဲ့ နှင့် နောင်တရားမြို့နယ် ပအိုဝ်းပြည်သူလူထုအဖွဲ့ စသည့် ပြည်သူလူထု စုစုပေါင်း (၃၀၀၀ ကျော်ဖြင့် ပထမ တောင်ကျောင်းကြီး ပရိယတ္တိစာသင်တိုက်မှ စ၀်စံထွန်းလမ်းအတိုင်း မြောက်ဘက်သို့ချီတက်ပြီး မြောက်ကျောင်းလမ်း မှ ချိုးကွေ့ကာ (ကြံ့ခိုင်ရေးရုံး) ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးအတိုင်း မြောက်မှတောင်သို့ လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ပါသည်။


ပအိုဝ်းအမျိုးသားများ ဤကဲ့သို့ဆန္ဒထုတ်ဖော်ပြသရန် (၁၇-၁၂-၂၀၁၄) တွင် ခွင့်ပြုချက်တင်ပြပြီး၊ (၂၃-၁၂-၂၀၁၄)တွင် ဆန္ဒထုတ်ဖော်ပြသခွင့် ရရှိခဲ့ကြောင်း၊ ပအိုဝ်းလူမျိုးများအနေ ဖြင့် ဤကဲ့သို့ လူထုအင်အား များစွာဖြင့် ဆန္ဒထုတ်ဖော်ပြသရာမှာ ယခုတစ်ကြိမ်နှင့်ဆိုလျှင် (၃) ကြိမ်မြောက်ရှိပြီ ဖြစ်ကြောင်း သိရှိရပါသည်။



 



ခွန်ထင်;လေအောင်
   
Powered by Blogger.