Monday, December 29, 2014

RCSS/SSA အဖွဲ့၏ ပစ်ခတ်မှုကြောင့် လင်းခေးခရိုင် သစ်တောဦးစီးမှူး အပါအ၀င် (၄) ဦး သေဆုံး

တောင်ကြီး၊ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်


ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင် သစ်တောဦးစီးမှူးအပါအ၀င် သစ်တောအရာရှိ ၆ ဦး အဖွဲ့သည် ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ၀မ်ဆလောင်း ကျေးရွာသို့ သစ်ထုတ်လုပ်မှုအား သွားရောက်စစ်ဆေးပြီး ပြန်လာစဉ် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော် (RCSS/SSA) အဖွဲ့၏ ပစ်ခတ်မှုကြောင့် အဖွဲ့ဝင် ၄ ဦး သေဆုံးသွားခဲ့ ကြောင်း ယင်းသစ်တောဦးစီးဌာနမှ သိရသည်။


အဆိုပါ ဖြစ်စဉ်မှာ ခရိုင်သစ်တောဦးစီးမှူး ဦးလှမင်း၊ မြို့နယ်ဦးစီးမှူး ဦးခိုင်မွန်၊ တောအုပ် ဦးဝင်းလွင်၊ မိုးနဲမြို့နယ် သစ်တောဦးစီးဌာနမှ တောခေါင်း ဦးဘိုမင်းနှင့် တောခေါင်း ဦးစစ်ထွေး၊ လင်းခေးခရိုင် သစ်တောဦးစီးဌာနမှ တောခေါင်း ဦးသန်းထိုက်အောင် တို့သည် ပါရာဒိုယာဉ်နှင့် ဆိုင်ကယ် ၂ စီးဖြင့် ၀မ်ဆလောင်းကျေးရွာရှိ သစ်ထုတ်လုပ်မှု အခြေအနေ အား သွားရောက်စစ်ဆေးပြီး ပြန်လာစဉ် ယခုကဲ့သို့ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

“ ၀မ်ဆလောင်းကနေ လင်းခေးကိုအပြန် လမ်းမှာအပစ်ခံရတာ၊ ကျွန်တော်လည်း ကြောက်အားလန့်အားနဲ့ ပြေးလာပြီး တပ်မတော်စစ်ကြောင်းနဲ့တွေ့လို့ ကံကောင်းသွားတာ၊ သူတို့ အကူအညီနဲ့ အပစ်ခံရတဲ့နေရာကို သွားကြည့်တော့ ခရိုင်ဦးစီးမှူးနဲ့ လေးယောက်က ဒဏ်ရာတွေနဲ့ သေနေပြီ၊ တစ်ယောက်ကိုတော့ အသက်မသေဘဲ ပြန်တွေ့ခဲ့တယ် ” ဟု တောအုပ် ဦးဝင်းလွင်က ပြောသည်။
RCSS/SSA ၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ခရိုင်ဦးစီးမှူး ဦးလှမင်း၊ တောခေါင်း ဦးဘိုမင်း၊ တောခေါင်း ဦးစစ်ထွေးနှင့် တောခေါင်း ဦးသန်းထိုက်အောင် တို့သည် နေရာ၌ ပွဲချင်းပြီး သေဆုံးသွားပြီး မြို့နယ်ဦးစီးမှူး ဦးခိုင်မွန်ကမူ အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း သိရသည်။

“ အစိုးရ ၀န်ထမ်းတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သတ်ဖြတ်တာဟာ တော်တော်အောက်တန်းကျတဲ့ လုပ်ရပ် ဖြစ်ပါ တယ်၊ ဒီနယ်မြေဟာ ငြိမ်းချမ်းရေးယူသည်ဖြစ်စေ၊ မယူသည်ဖြစ်စေ လက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားခွင့်ပြုထားတဲ့ နေရာမဟုတ်ပါဘူး၊ တကယ်လို့ နယ်မြေခံတပ်တွေ၊ ရှေ့တန်းတပ်တွေသာ မရှိရင် ဒီထက်ပိုပြီး ဆိုးလာဖို့ပဲ ရှိပါတယ်၊ ဒီကိစ္စကို နိုင်ငံတော်အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားပါတယ်ဆိုတဲ့ RCSS/SSA ဥက္ကဋ္ဌ ရွက်ဆစ် ကိုယ်တိုင် ဘယ်လိုဖြေရှင်း ပေးမလဲဆိုတာ စောင့်ကြည့်ပါ့မယ်၊ ဖြစ်နိုင်ရင် တရားဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမှာပါ ” ဟု ခရိုင်သစ်တော ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသွားသည်။

မြင့်နိုင် (လင်းခေး) Shan News

မှတ်ချက် - သတင်းနှင့် ဓါတ်ပုံများကို shan news ၏ facebook စာမျက်နှာ https://www.facebook.com/pages/Shan-News/137023683111212 မှ ကူးယူဖော်ပြပါသည်။
Powered by Blogger.