Thursday, May 28, 2015

တောင်ကြီးမြို့နယ်၊ ထီဖောင်းကျေးရွာအုပ်စု လွယ်ကောင်းကျေးရွာတွင် ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်း(ပထမ) အကြိမ်မြောက် မူလတန်းသို့ကူးပြောင်းမည့် ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ပွဲ ကျင်းပပြုလုပ်

တောင်ကြီး၊ ၂၀၁၅-ခုနှစ်၊ မေလ (၂၈) ရက်



တောင်ကြီးမြို့နယ်၊ထီဖောင်းကျေးရွာအုပ်စု လွယ်ကောင်းရွာမကြီးကျေးရွာတွင် ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်း (ပထမ) အကြိမ်မြောက် မူလတန်းသို့ကူးပြောင်းမည့် ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြင့်ပွဲ အခမ်းအနားကို ယနေ့ ၂၈.၅.၁၅ ကြာသပတေးနေ့တွင် ကျင်းပပြုလုပ်ပြီး အခမ်းအနားသို့ PNA-အသွင်ပြောင်းပြည်သူ့စစ်ဌာနေ ကွပ်ကဲရေးမှူး ဦးခွန်လာ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) တွဲဖက်အတွင်းရေးမှူး ဦးခွန်တင်ထွဋ်၊ (PNO) ဗဟိုအလုပ်အမှုဆောင် ဦးခွန်ပညာဗုတ်၊ ပအိုဝ်းအမျိုးသမီးရေးရာအဖွဲ့နှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားတွင် PNA-အသွင်ပြောင်းပြည်သူ့စစ်ဌာနေ ကွပ်ကဲရေးမှူး ဦးခွန်လာ၊ (PNO) ဗဟိုအလုပ်အမှုဆောင် ဦးခွန်ပညာဗုတ်၊ ပအိုဝ်းအမျိုးသမီးရေးရာအဖွဲ့ ဒေါ်နန်းမြရီတို့က ပညာရေးနှင့်ပတ်သက်၍ အားပေးစကားပြောကြားပြီး လွယ်ကောင်းကျေးရွာ မူကြိုကျောင်းကော်မတီ ဦးခွန်မောင်စိုးက မူကြိုကျောင်း၏သမိုင်းနှင့် ဖွင့်လှစ်ရသည့်ရည်ရွယ်ချက် ၅နှစ်အောက်ကလေးလူငယ်များ စာနှင့်ခင်မင်ရင်းနှီးမှုရှိစေရန် နှင့် ကလေးလူငယ်များ မူလတန်းကျောင်းသို့ တက်သည့်အခါ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ၁၉၉၃-ခုနှစ် သြဂုတ်လတွင် ကိုယ်ထူကိုယ်ထကျောင်းစတင်ဖွင့်လှစ်ခဲ့သည်ဖြစ်ကြောင်း၊ ၂၀၀၅-ခုနှစ်တွင်ဂျပန်မင်္ဂလာအဖွဲ့နှင့် ကျေးရွာလူထုတို့ပူးပေါင်းဆောင်ရွက်မှုဖြင့်
 ကျောင်းအဆောက်အဦးအသစ်ကို တည်ထောင်ခဲ့ပါကြောင်း၊ ၁၉၉၃-ခုနှစ်မှ ယနေ့ ၂၀၁၅-ခုနှစ်အထိ မူကြိုကျောင်းသက်တမ်း (၂၃)နှစ်ရှိပြီဖြစ်ကြောင်း၊ ယခုလက်ရှိမူကြိုကျောင်းဆရာမ (၂)ဦးရှိကြောင်း နှင့် မူကြိုကလေး (၅၁)ဦးရှိကြောင်းပြောကြားခဲ့သည်။ ဆက်လက်၍ မူလတန်းသို့ ကူးပြောင်းမည့် ကျောင်းသား/သူ (၈) ဦးအား ဂုဏ်ပြုလက်မှတ် နှင့် ကျောင်းသုံးပစ္စည်း မေတ္တာလက်ဆောင်များချီးမြှင့်ပေးအပ်ပြီး အခမ်းအနားကို အကများဖြင့် ဖျော်ဖြေပြီး ရပ်မိရပ်ဖများ တက်ရောက်အားပေးကြကြောင်း သိရှိရပါသည်။

နန်းညိုညိုချော

Powered by Blogger.