Sunday, June 28, 2015

ကရင်ပြည်နယ်ရှိ ပအိုဝ်းလူငယ်မျိုးဆက်သစ်များ ပျော်ရွင်မှုနှင့်အတူ အောင်မြင်စွာ စွမ်းရည်မြှင့်သင်တန်းကို လေ့လာသင်ယူနိုင်ခဲ့

တောင်ကြီး၊ ၂၀၁၅-ခုနှစ်၊ ဇွန်လ (၂၉) ရက်




ဇွန်လ ၂၇၊ သာမည    -    ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ လေ့ကျင့်ရေးနှင့် ပညာပေးရေးဌာနနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ကရင်ပြည်နယ်ရုံးတို့ ပူးပေါင်းဖွင့်လှစ်သော မျိုးဆက်သစ်များအတွက်  အမြင်ဖွင့်ခြင်းနှင့် စွမ်းဆောင်ရည်မြှင့်ခြင်းသင်တန်းကို ကရင်ပြည်နယ်ရှိ ပအိုဝ်းလူငယ်များ ပျော်ရွင်မှုနှင့်အတူ အောင်မြင်စွာ လေ့လာ သင်ယူနိုင်ခဲ့ပါသည်။ သင်တန်းကို သာမညကော့ကဒါမုခ်ဝဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပပြီး သင်တန်းကျင်းပ သည့်ရက်မှာ ၂၃.၆.၂၀၁၅ မှ ၂၇.၆.၂၀၁၅ အထိ ဖြစ်သည်။
ပို့ချဆွေးနွေးသော သင်တန်းဘာသာရပ်များမှာ ပအိုဝ်းလူမျိုးသမိုင်း၊ ပအိုဝ်းစာပေသမိုင်း၊ ပအိုဝ်းတော်လှန်ရေး သမိုင်းနှင့် ငြိမ်းချမ်းရေးရယူခြင်း၊ ပအိုဝ်းထုံးတမ်းဓလေ့များ၊  ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ခေါင်းဆောင်မှု စသည်ဖြင့်  လူငယ်များ သိသင့်သိထိုက်သော ဘာသာရပ်ပေါင်း(၁၆)ခုတို့ဖြစ်သည်။ သင်တန်းသားဦးရေမှာ ကျား(၁၂)ဦး၊ မ(၄)ဦးဖြင့် စုစုပေါင်း(၁၆)ဦးရှိပါသည်။ ယခုသင်တန်းကာလသည် လူငယ်များ တက္ကသိုလ်တက်နေချိန်နှင့် သက်ဆိုင်နေသောကြောင့် သင်တန်းသားဦးရေနည်းပါးရခြင်းဖြစ်သည်ဟု ကြားသိရပါသည်။ သင်တန်းသားနည်းပါး သော်လည်း သင်တန်းသားများ စိတ်ဝင်စားစွာနှင့် ပျော်ရွှင်စွာ လေ့လာဆွေးနွေးသင်ယူခဲ့ကြသည်ဟု သိရသည်။ သင်တန်း နောက်ဆုံးနေ့တွင် သင်တန်းအောင်ပွဲကိုပါ ပူးတွဲကျင်းပခဲ့သည်။
သင်တန်းအောင်ပွဲတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ တွဲဖက်အတွင်းရေးမှူး၊ ဦးခွန်ထွန်းရွှေ၊ လေ့ကျင့်ရေးနှင့် ပညာပေးရေးဌာန၊ ဌာနမှူး ခွန်ဆောင်းရွှေ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ကရင်ပြည်နယ်ရုံးဥက္ကဌ ဦးခွန်အောင်ကွတ်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ တောင်ကြီးမြို့နယ်၊ နန်းဟောင်းကျေးရွာအုပ်စုဥက္ကဌ ဦးခွန်အောင်သိန်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စု၊ သာမညရွာဥက္ကဌ ဦးခွန်ချစ် တို့က သင်တန်းသားများနှင့် တက်ရောက်လာသူပရိသတ်များအား အားပေးစကားနှင့် အမှာစကားများပြောကြားခဲ့သည်။ အားပေးစကားနှင့် အမှာစကားများထဲတွင် ပအိုဝ်းလူငယ်များ မိမိလူမျိုးတို့၏ သမိုင်းကြောင်းကို လေ့လာသိရှိထားရန် လိုအပ်ကြောင်း၊ မိမိတို့သည် မွေးဖွားလာကတည်းက မိမိတို့လူမျိုးအကျိုးစီးပွားထမ်းဆောင်ရန်အတွက် သမိုင်းပေးတာဝန် ပါလာပြီးဖြစ်ကြောင်း၊ မိမိတို့လူမျိုး၏ဝတ်စားဆင်ယင်မှု၊ စာပေစကားများ၊ ယဉ်ကျေးမှုဓလေ့ကောင်းများကို မိမိတို့ ဆက်လက်ထိန်းသိမ်းရမည်သာဖြစ်ကြောင်း၊ မိမိတို့သည် အခြားတိုင်းရင်းသားများနှင့်လည်း သင့်မြတ်စွာ အတူတကွ လက်တွဲနေထိုင်တတ်ဖို့လိုကြောင်း၊ လူငယ်များသည် အနာဂါတ်၏ အရှင်သခင်များဖြစ်သဖြင့် စွမ်းရည်မြှင့်မားအောင် အစဉ် ကြိုးပမ်းသွားရမည်ဖြစ်ကြောင်း၊ လူငယ်များ အလုပ်လုပ်ရာတွင်လည်း လူကြီးများနှင့် အချိတ်အဆက်မိမိ လက်တွဲ လုပ်ဆောင်ဖို့လိုကြောင်း၊ မည်သည့်အရေးအရာတွင်မဆို ပအိုဝ်းအမျိုးသမီးထုကို ကိုယ်စားပြုနိုင်ရန် ပအိုဝ်းအမျိုးသမီးတို့၏ အခန်းကဏ္ဍကိုလည်း မြှင့်တင်ပေးရန်လိုအပ်ကြောင်း စသည်ဖြင့် ပါရှိပါသည်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)သည် ပအိုဝ်းလူမျိုးများနေထိုင်ရာ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင် ပြည်နယ်များသို့ စွမ်းရည်မြှင့်သင်တန်းကို ဇွန်လအတွင်း နယ်လှည့်လိုက်လံပို့ချရာ ကရင်ပြည်နယ်တွင် နောက်ဆုံးနေရာ အဖြစ် ယခုလို အောင်မြင်စွာ ကျင်းပနိုင်ခြင်းဖြစ်သည်ဟု သိရှိရသည်။
 
ခွန်လှစိုး

Powered by Blogger.