Monday, June 22, 2015

မွန်ပြည်နယ်ရှိ ဒေသခံပအိုဝ်းလူငယ်များ စွမ်းရည်မြှင့်သင်တန်းကို အောင်မြင်စွာ ဆွေးနွေးသင်ယူနိုင်ခဲ့

တောင်ကြီး၊ ၂၀၁၅-ခုနှစ်၊ ဇွန်လ (၂၃) ရက်




၂၀၁၅-ခုနှစ်၊ ဇွန်လ(၁၆)ရက်နေ့မှ  (၂၀)ရက်နေ့အထိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ မွန်ပြည်နယ်တို့ ပူးပေါင်းဖွင့်လှစ်သော မျိုးဆက်သစ် လူငယ်များစွမ်းရည်မြှင့်သင်တန်းကို မွန်ပြည်နယ်ရှိ ပအိုဝ်းလူငယ်များ အောင်မြင်စွာ ဆွေးနွေးသင်ယူ နိုင်ခဲ့သည်။ သင်တန်းကို သထုံမြို့နယ်၊ နောင်ကုလားအလယ်ရွာရှိ လေသာမြိုင်ဘုန်းတော်ကြီးကျောင်းတိုက်၌ ကျင်းပခဲ့ပါသည်။ သင်တန်းနောက်ဆုံးနေ့ (၂၀.၆.၂၀၁၅) မွန်းလွဲ(၁း၀၀)နာရီအချိန်တွင် သင်တန်း အောင်ပွဲအခမ်းအနားကိုလည်း ကျင်းပခဲ့သည်။
သင်တန်းအောင်ပွဲအခမ်းအနားတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO ) ဗဟိုဌာနချုပ်ရုံး တွဲဘက်အတွင်းရေးမှူး ဦးခွန်ထွန်းရွှေ၊ ဦးခွန်အောင်သန်း ( ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) မွန်ပြည်နယ်ဒုဥက္ကဌ)နှင့် ဦးခွန်သန်းဝေ(မွန်ပြည်နယ် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ အတွင်းရေးမှူး)တို့က အမှာစကားနှင့် အားပေးစကားများ ပြောကြားခဲ့ပါသည်။ အမှာစကားနှင့် အားပေးစကားများပြောကြားရာတွင် သင်တန်း သား၊ သင်တန်းသူများအနေဖြင့် သင်တန်းကို အောင်မြင်စွာ သင်ယူလေ့လာပြီးသည့်အတွက် မိမိသိထား တတ်ထားသည်များကို အခြားသူများသို့ အဆင့်ဆင့် မျှဝေပေးရန် လိုအပ်ကြောင်း၊ မိမိတို့ရိုးရာစာပေ၊ စကား၊ ဝတ်စားဆင်ယင်မှုစသည့် ယဉ်ကျေးမှုဓလေ့ထုံးစံများကို ထိန်းသိမ်းကြရန် လိုအပ်ကြောင်း၊ မိမိတို့၏ အမျိုးသားရေးရာလုပ်ငန်းတာဝန်များကို တာဝန်သိစိတ်ဖြင့် အစဉ်အဆက် ကိုယ်စီထမ်းဆောင်သွားကြရန် လိုအပ်ကြောင်း၊ တစ်ဖက်တွင်လည်း ပြည်ထောင်စုဖွား အခြားတိုင်းရင်းသားများနှင့် ရင်းနှီးချစ်ကြည်စွာ အတူတကွ လက်တွဲနေထိုင်သွားကြရန် အလွန်လိုအပ်ပါကြောင်း၊ ရပ်ရွာအကျိုးစီးပွားဖြစ်ထွန်းစေမည့် အခြားပညာရပ်များကို ဆက်လက်လေ့လာကြရန်လိုအပ်ကြောင်း  ပြောကြားခဲ့ပါသည်။   
(၅)ရက်တာသင်တန်းတွင် တက်ရောက်လာသူစုစုပေါင်း (၆၃)ဦးရှိပြီး သင်တန်းသား(ကျား) ဦးရေမှာ (၂၄)ဦး၊ သင်တန်းသူ(မ)ဦးရေမှာ (၃၉)ဦးရှိသည်။ သင်တန်းသားများမှာ သထုံမြို့နယ်၊ ဘီးလင်း မြို့နယ်နှင့် ကျိုက်ထိုမြို့နယ်များမှ တက်ရောက်လာကြသူများဖြစ်သည်။ သင်တန်းတွင် ပို့ချဆွေးနွေး ကြသည့်ဘာသာရပ်များမှာ ပအိုဝ်းလူမျိုးသမိုင်း၊ ပအိုဝ်းစာပေသမိုင်း၊ ပအိုဝ်းတော်လှန်ရေးသမိုင်း၊ ငြိမ်းချမ်း ရေးရယူခြင်းမှတ်တမ်း၊ ဒီမိုကရေစီ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ခေါင်းဆောင်မှု၊ Mediaနှင့်သတင်းရေးသားခြင်း စသည့် ဘာသာရပ်(၁၆)ခုတို့ဖြစ်သည်။ သင်တန်းကျင်းပရသည့်ရည်ရွယ်ချက်မှာ လူငယ်များ မိမိလူမျိုးနှင့် သက်ဆိုင်သည့်သမိုင်းအကြောင်း၊ ယနေ့ခေတ် နိုင်ငံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးများအကြောင်း သိရှိရန်နှင့် စွမ်းဆောင်ရည်မြှင့်မားစေရန် ရည်ရွယ်ကြောင်း သိရှိရပါသည်။ အလားတူသင်တန်းမျိုးကိုလည်း ကရင် ပြည်နယ်တွင် လာမည့်ရက်ပိုင်းအတွင်း ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
 
ခွန်လှစိုး

Powered by Blogger.