Wednesday, August 5, 2015

မြန်မာပြည်၏ ဒီမိုကရေစီ၊ တိုင်းရင်းသားများ၏ အနာဂတ်နှင့် NLD ၏ အာဏာလောဘ

တောင်ကြီး၊ ၂၀၁၅ ခုနှစ် သြဂုတ်လ (၆)ရက်   

စာရေးသူသည် နိုင်ငံရေးသမားမဟုတ်။ နိုင်ငံရေးပါတီ အဖွဲ့ဝင်တစ်ယောက်လည်းမဟုတ်ပါ။ မြန်မာ ပြည်တွင် နိုင်ငံသားကောင်းတစ်ယောက်အနေဖြင့် နေထိုင်နိုင်ရန် ကြိုးစားကာ အသက်ရှင်နေထိုင်လျက် ရှိနေပါ သည်။ နိုင်ငံသားတိုင်းသည် နိုင်ငံသားကောင်းအဖြစ် နေထိုင်မှသာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးသည် ခေါင်းဆောင်ကြီးများ မျှော်မှန်းထားသည့် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး၊ တရားဥပဒေစိုးမိုးပြီး စည်းကမ်းနှင့် ပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်ကြီးအဖြစ် ရောက်ရှိနိုင်မည်ဖြစ်သည်။  

 စာရေးသူသည် တိုင်းရင်းသားလူနည်းစုများထဲမှ နိုင်ငံ့သားကောင်းတစ်ယောက်အဖြစ် ကောင်းမွန်စွာ အသက်ရှင်နေထိုင်နိုင်ရန်နှင့် လိုအပ်သည့် အသိပညာများ ရရှိရန် စစ်အစိုးရခေတ်၊ သမ္မတကြီး ဦးသိန်းစိန်ခေတ်၊ အစိုးရ၏ အတိုက်ခံနိုင်ငံရေး ပါတီများ၊ အတိုက်အခံလူမှုရေးအဖွဲ့များ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ ဒီမိုကရေစီလှုပ်ရှားမှုများ စသည့်ကိစ္စရပ်များတွင် လက်လမ်းမှီသည့် သတင်းမီဒီယာများ၏ ဖော်ပြချက်များကို ကြိုးစားလေ့လာ ဖတ်ရှုခဲ့ပါသည်။

စာရေးသူအနေဖြင့် မြန်မာ့ဒီမိုကရေစီခရီးလမ်း လျှောက်လှမ်းရာတွင် အစပိုင်း၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဦးဆောင်မှုအခန်းကဏ္ဍ၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအခန်းကဏ္ဍများတွင် အလွန်အားရပြီး အထူးပင် ၀မ်းမြောက်မိပါသည်။ နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်သည် ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ပေးအပ်ခြင်း ခံရသောအခါ ပို၍ပို၍ လေးစားအားထား ယုံကြည်လာမိပါသည်။  ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ၀င်ရောက်ယှဉ်ပြိုင်ပြီး လွှတ်တော်ထဲ ရောက်ရှိသွားသည့်အခါ မြန်မာပြည်ကြီး တိုးတက်ပြီး ငြိမ်းချမ်းသာယာမှု ပိုမိုရရှိလာတော့မည်ဟု စာရေးသူ တိုင်းရင်းသားလူနည်းစု တစ်ဦးအနေဖြင့် ၀မ်းသာပီတိ ဖြစ်မိပါသည်။

သို့သော် စာရေးသူ၏ ၀မ်းသာပီတိဖြစ်မှုမှာ ကြာကြာမခံစားရဘဲ ၀မ်းသာမှုမှသည် ၀မ်းနည်းမှုသို့ သံသယ ဖြစ်လာပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံရေးဦးဆောင်မှု၊ နိုင်ငံရေးလုပ်ဆောင်မှု အခန်းကဏ္ဍမှာ တိုင်းရင်းသားများအတွက်မဟုတ်ဘဲ အာဏာအလုံးစုံ ပိုင်ဆိုင်လိုမှုသို့ ဦးတည်နေသည်ဟု ရေးရေးလေး ခံစားမိပါသည်။  အကြောင်းမှာ စာရေးသူသည် ပြည်သူ့ကိုယ်စားလှယ်တစ်ဦးအဖြစ် ပြည်သူ့လွှတ်တော်ထဲတွင် တက်ရောက်နေသည့် လူနည်းစုတိုင်းရင်းသား ကိုယ်စားလှယ်တစ်ဦးနှင့် တွေ့ဆုံခွင့်ရသောအခါ ဒေါ်အောင်ဆန်းစုကြည်မှ တိုင်းရင်းသားလူနည်းစုအပေါ် သဘောထားနှင့် ပတ်သက်ပြီး ဆွေးနွေးဖြစ်ခဲ့ပါသည်။ ၄င်း ပြည်သူ့လွှတ်တော်ကိုယ်စား၏ ပြောပြချက်ကို သိရသောအခါ လွန်စွာမှ အံ့သြမိပါသည်။ လူနည်းစုတိုင်းရင်းသား ဒေသများတွင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကို မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်မှ “ ဒီမိုကရေစီစနစ်ဘဲ။ တိုင်းရင်းသားများနှင့် အပေးအယူ ညှိနှိုင်းစရာအကြောင်းမရှိဘူး။ ကျွန်မတို့အားလုံး ယှဉ်ပြိုင်မှာပါ၊ အဓိက က လူထူရဲ့ဆန္ဒဘဲ”  ဟု ဖြေကြားချက်ကို ကြားခဲ့ရာ အလွန်အံ့သြမိ ပါသည်။ ရွေးကောက်ပွဲနီးလာရင် တိုင်းရင်းသားများအပေါ် အပေးအယူများ၊ ညှိနှိုင်းမှုများ ရှိလာလိမ့်မည်ဟု မျှော်လင့်ခဲ့မိပါသည်။  သို့သော်--------------------။

မျှော်လင့်ရင်းနဲ့ဘဲ ရွေးကောက်ပွဲ ပို၍ နီးလာလေလေ တိုင်းရင်းသားလူနည်းစုဒေသများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ၏ လှုပ်ရှားမှုများမှာ အလွန်ပင် အံ့သြမိလာလေလေ ဖြစ်ခဲ့ပါသည်။ ၄င်းတို့ပါတီ အာဏာရရှိရေးအတွက် လက်တဆုပ်စာမျှသာရှိသော တိုင်းရင်းသားလူနည်းစုများအပေါ်တွင် သွေးခွဲမှု၊ အချင်းချင်း မညီညွတ်မှုများ ဖြစ်လာစေရန် လုပ်ဆောင်လာကြပြီး ၄င်းတို့၏ လုပ်ရပ်ကြောင့် တကယ်ပင် တိုင်းရင်းသားများသည် အပိုင်းပိုင်း ကွဲပြားပြီး သွေးကွဲလာကြသည်ကို တွေ့လာရပါသည်။

စာရေးသူသည်လည်း တိုင်းရင်းသားတစ်ဦးဖြစ်သည့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လုပ်ရပ် များကို ပိုမိုစိတ်ဝင်စားလာပြီး ဆက်လက်လေ့လာခဲ့ပါသည်။ မကြာသည့် ရက်ပိုင်းကာလတွင် သတင်းမီဒီယာ များတဆင့်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၂၀၁၅ ခုနှစ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ အမည်စာရင်းကို တွေ့မြင်ရသည့်အခါ ပို၍ပို၍ပင် အံ့သြမိသည်သာမက တိုင်းရင်းသား ရေးရာဝန်ကြီး နေရာများကိုပင် တိုင်းရင်းသားများအား နေရာမပေးလိုသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လုပ်ရပ်သည် တိုင်းရင်းသားများအတွက် ထိတ်လန့်စရာ၊ သတိထားစရာ ဖြစ်လာကြောင်း စာရေးသူအနေဖြင့် ခံစားမိပါသည်။ ဤအတိုင်းသာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အာဏာရရှိလာပါက မြန်မာနိုင်ငံ၏ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးမှာ မျှော်လေဝေးလေ ဖြစ်လာရုံသာမကဘဲ Hard-Liner များဖြစ်သော လက်နက်ကိုင် တိုင်းရင်းသားလူမျိုးစုများအတွက် အင်အားပိုမို စုစည်းမိစေရန်နှင့် ပိုမိုခိုင်မာလာစေရန် တွန်းအားဖြစ်စေမည်ဟု ယုံကြည်ထင်မြင်မိပါသည်။

စာရေးသူလေ့လာသိရှိရသမျှနှင့် ခံစားမိသည်မှာ မြန်မာ့နိုင်ငံရေးတွင် အင်အားကြီးပါတီများသည် ၄င်းတို့အာဏာ ရရှိရေးကိုသာ အဓိကလုပ်ဆောင်ကြပါသည်။ ၄င်းတို့အချင်းချင်း ကွဲပြဲသောအခါတွင်လည်း တိုင်းရင်းသားများကို အသုံးချကာ ၄င်းတို့အာဏာရရှိအောင် လုပ်ဆောင်လာကြပြီး  အခြေအနေမကောင်း ဖြစ်လာသည့်အခါ ရသည့်နည်းလမ်းဖြင့် အာဏာရရှိအောင် ဖဆပလ ခေတ်မှ  ယနေ့အချိန်အထိ ကြိုးစား လုပ်ဆောင်နေကြသည်ကို ရွေးကောက်ပွဲနီးလာလေလေ ပို၍ပို၍ မြင်တွေ့လာရလေလေ ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ညီနောင်တိုင်းရင်းသားများအားလုံး မိမိတို့လူမျိုး စည်းလုံးညီညွတ်ကြရန်နှင့် မိမိတို့ လူမျိုးကို ကိုယ်စားပြုသည့် မိမိတို့တိုင်းရင်းသားပါတီ၏ ကိုယ်စားလှယ်လောင်းများ လွှတ်တော်ထဲသို့ ရောက်ရှိနိုင်ရန် ၀ိုင်းဝန်းကြိုးပမ်းကြပါလို့ ညီနောင်တိုင်းရင်းသားများအား ဤဆောင်းပါးမှတဆင့်  မေတ္တာစေတနာဖြင့် အသိပေး၊ သတိပေး ဝေမျှအပ်ပါသည်။

ခွန်ခမ်းညာ;
Powered by Blogger.