Tuesday, October 6, 2015

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ဒေသအတွင်း မိဘပြည်သူများ စည်းလုံးညီညွတ်မှု ကို ဆက်လက်ထိန်းသိမ်းရန်လိုအပ်ကြောင်း၊ ပင်လောင်းမြို့နယ်၊ တီကျစ်ကျေးရွာအုပ်စု၊ တောင်ပို့ကြီးကျောင်း တိုက်တွင် ပြုလုပ်သော မဲဆွယ်မှု ဟောပြောပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေ ပြောကြား

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၆) ရက်


၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ယနေ့ အောက်တိုဘာ(၆)ရက်၊ အင်္ဂါနေ့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တီကျစ်ကျေးရွာအုပ်စု၊ တောင်ပို့ကြီးကျောင်းတိုက်တွင် ပြုလုပ်သော မဲဆွယ်မှု ဟောပြောပွဲအခမ်းအနားတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၀င်ပြိုင်မည့်၊ ဟိုပုံးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ဒေသအတွင်း မိဘပြည်သူများ စည်းလုံးညီညွတ်မှုဆက်လက် ထိန်းသိမ်းရန်လိုအပ်ကြောင်း  ပြောကြားသွားပါသည်။


ပြည်သူများ သောင်းသောင်းဖြဖြ ကြိုဆို

အဆိုပါ မဲဆွယ်မှု ဟောပြောပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခွန်သိန်းဖေက “ကျွန်တော်တို့ မြန်မာနိုင်ငံဟာ စည်းလုံးညီညွတ်မှု မရှိခဲ့လို့ အခြားနိုင်ငံနဲ့ ယှဉ်လျှင် တိုးတက်မှု နောက်ကျနေတယ်ဆိုတာ မိဘပြည်သူများအသိဘဲ ဖြစ်ပါတယ်၊ ဒါကြောင့် ဖွံ့ဖြိုးတိုးတက်မှုကို လိုချင်ရင် ကျွန်တော်တို့ အမြဲတမ်း စည်းလုံးညီညွတ်မှုရှိဖို့ လိုတယ်။ ကျွန်တော်တို့နဲ့ ညီနောင်တိုင်းရင်းသားဖြစ်တဲ့ တောင်ရိုး၊ ရှမ်း စတဲ့ အခြားတိုင်းရင်းသားများနဲ့ စည်းလုံးညီညွတ်ခဲ့လို့ ကျွန်တော်တို့ဒေသ ဖွံ့ဖြိုးတိုးတက် နေတာကိုလည်း မိဘပြည်သူများ အသိပါ၊ ကျွန်တော်တို့နဲ့ ညီနောင်တိုင်းရင်းသားတွေ စည်းစည်းလုံးလုံးနဲ့ ဆက်လက် လက်တွဲမယ်ဆိုရင် ဒီထက်မက ပိုမိုဖွံ့ဖြိုးတိုးတက်မယ်လို့ ကျွန်တော်ပြောရဲပါတယ်။ ဒါကြောင့် လာမဲ့ ရွေးကောက်ပွဲမှာ ဒေသဖွံ့ဖြိုးရေးကို အဓိက ပြုလုပ်ပေးနေတဲ့ ကျွန်တော်တို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ကို ဆက်လက် ထောက်ခံသွားမယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်” ဟု မဲဆွယ် စည်းရုံးဟောပြောသွားပါသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် မိဘပြည်သူများ အတူတကွ တရားနာ
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ(၃)မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခွန်သိန်းဖေ ဟောပြောစဉ်
ပင်လောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခွန်မောင်သောင်းမှ ဟောပြောစဉ်
ပင်လောင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခွန်စောအောင်မှ ဟောပြောစဉ်
ဆက်လက်၍ ပင်လောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်သောင်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခွန်စောအောင်နှင့် ဦးခွန်စောထီးတို့က အမျိုးသားနိုင်ငံရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ မဲပေးပုံပေးနည်းများကို ရှင်းလင်းတင်ပြသွားပြီး ဒေသခံတစ်ဦးက ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနားကို ပြည်လည် ရုပ်သိမ်းခဲ့ပါသည်။

ဦးခွန်စောထီးမှ မဲပေးပုံပေးနည်း ဟောပြောစဉ်
ပြည်သူများလည်း စိတ်ဝင်တစား 
လှပျိုဖြူများ (PNO) မူဝါဒစာစောင် ဖတ်ရှုလေ့လာ
အဆိုပါ အခမ်းအနားတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ ကိုယ်စားလှယ်များ လာရာလမ်းတစ်လျှောက်တွင် ပအိုဝ်းမိဘပြည်သူများနှင့် ညီနောင်တိုင်းရင်းသားများ ဖြစ်သော တောင်ရိုးလူမျိုးများက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပြီး ပြည်သူလူထု (၁၄၀၀) ကျော်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ခွန်ထင်းလေအောင်း


                                               

Powered by Blogger.