Thursday, October 22, 2015

ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီက တောင်ကြီးမြို့၌ ပြုလုပ်သော မဲဆွယ်မှု ဟောပြောပွဲတွင် မိဘပြည်သူ (၂)သောင်းကျော်ခန့် တက်ရောက်အားပေး

တောင်ကြီး၊၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်




ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီက ရွေးကောက်ပွဲနီးစပ်လာသည်နှင့်အမျှ မိဘပြည်သူများ ရွေးကောက်ပွဲဆိုင်ရာအသိပညာများတိုးပွားစေရန်နှင့် မဲထည့်ပုံထည့်နည်း မှန်ကန်စေရန်အတွက် ဆက်တိုက်ဆိုသလို မဲဆွယ်စည်းရုံးမှု ဟောပြောပွဲများ ပြုလုပ်လျက်ရှိရာ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၂၂) ရက်နေ့၊ တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်း၊ ပအိုဝ်းအမျိုးသားခန်းမ၌ ကျင်းပပြုလုပ်သော မဲဆွယ်မှုဟောပြောပွဲ တွင် တောင်ကြီးမြို့နယ်အတွင်းရှိ မိဘပြည်သူ (၂)သောင်းကျော်ခန့် တက်ရောက် အားပေးခဲ့ကြပါသည်။






အဆိုပါ မဲဆွယ်မှု ဟောပြောပွဲအခမ်းအနားသို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) နာယကကြီးများ၊ ဗဟိုအလုပ်အမှုဆောင်၊ ဗဟိုကော်မတီနှင့် မိဘပြည်သူများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ကြွရောက်လာကြသော လူကြီးမင်းများ၊ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများနှင့်တကွ မိဘပြည်သူများက နိုင်ငံတော်အလံ၊ ပအိုဝ်းအမျိုးသားအလံတို့ကို အလေးပြုကြကာ ပအိုဝ်းအမျိုးသားသီချင်းကို သီဆိုကြပြီး တောင်ကြီးမြို့တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဆီဆိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဝင်းကိုက ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် စည်းရုံးဟောပြောသွားပါသည်။






ထိုသို့ ဟောပြောစည်းရုံးရာတွင် ဒီကနေ့ မြန်မာနိုင်ငံက ဒီမိုကရေစီစနစ် ကျင့်သုံးလာသည်နှင့်အမျှ ရွေးကောက်ပွဲကျင်းပသည်မှာ ဒုတိယကြိမ်ပင်ရောက်ရှိလာခဲ့ပြီ ဖြစ်ကြောင်း၊ ၂၀၁၀ရွေးကောက်ပွဲတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသာ ယှဉ်ပြိုင်ခဲ့သော်လည်း ၂၀၁၅ရွေးကောက်ပွဲတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအပြင် တောင်ကြီးမြို့ကိုပါ ၀င်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း၊ ထိုသို့ ၀င်ပြိုင်ရခြင်းမှာ တောင်ကြီးမြို့သည် ရှမ်းပြည်နယ်၏ မြို့တော်ဖြစ် သည်နှင့်အညီ ရှမ်းပြည်နယ်တစ်ခုလုံးကို အစိုးရသောနေရာလည်း ဖြစ်ကြောင်း၊ ထို့ပြင် တောင်ကြီးမြို့သည် ပအိုဝ်းလူမျိုးများအတွက် အထင်ကရမြို့လည်း ဖြစ်ကြောင်း၊ ထို့ကြောင့် တောင်ကြီးမြို့နယ်ကို ကိုယ်စားပြုမည့် အစိုးရအဖွဲ့တွင် မိမိတို့ ပအိုဝ်းတိုင်းရင်းသားများ ပါဝင်ရန်လိုအပ်ကြောင်း၊ ထိုသို့ လွှတ်တော်ထဲတွင် မိမိအနေနှင့် ပါဝင်နိုင်ရန်အတွက် မိဘပြည်သူများ၏ စည်းလုံးညီညွတ်မှုအားကို လိုအပ်ပါကြောင်း၊ တောင်ကြီးမြို့နယ်တွင် နေထိုင်ကြသော ပအိုဝ်းလူမျိုးများသည် စည်းလုံးညီညွတ်မှုရှိပြီး လူဦးရေများပြားစွာရှိကြောင်းကို ပြသရန် အခွင့်အရေးရှိလာပြီဖြစ်ကြောင်း၊ ၂၀၁၅ရွေးကောက်ပွဲတွင် ပြိုင်ဆိုင်မှု ပြင်းထန်မည်ဖြစ်၍ မိမိတို့ ပအိုဝ်းလူမျိုးများ သွေးမကွဲကြရန် လိုအပ်ကြောင်း၊ မိမိတို့ လူမျိုးအနေနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီကို စည်းစည်းလုံးလုံး ထောက်ခံအားပေးမည် ဆိုပါက ရှုံးနိမ့်ရန် မရှိကြောင်း၊ မိမိသည် ဗုဒ္ဓဘာသာဝင်ပီပီ မုသားစကားကို မဆိုဝံသူဖြစ်၍ ရွေးကောက်ပွဲတွင် မိမိအနေနှင့် အနိုင်ရပါက မိဘပြည်သူများအကျိုးကို ကြိုးကြိုးစားစား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စည်းရုံးဟောပြောသွားပါသည်။




ဆက်လက်၍ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ အတွင်းရေးမှူးချုပ် ဦးခွန်သိန်းဖေက မြန်မာ့နိုင်ငံရေးအခြေအနေ၊ ပအိုဝ်းလူမျိုးများ ဖြတ်သန်းလာသောသမိုင်းနှင့် ပအိုဝ်းလူမျိုးများ၏ အနာဂတ်အခြေအနေများနှင့် ပတ်သက်၍ ဟောပြောစည်းရုံးသွားခဲ့ပါသည်။ ထိုသို့ ဟောပြောရာတွင် ယနေ့မြန်မာနိုင်ငံတွင် နေထိုင်ကြသော တိုင်းရင်းသားများမှာ (၁၃၅)မျိုးရှိသည်ဟု နိုင်ငံတော်က ပြဌာန်းထားကြောင်း၊ ထိုတိုင်းရင်းသားများသည် အင်္ဂလိပ်၊ ဂျပန်တို့၏ ဖိနှိပ်ချုပ်မှုများကို နှစ်ပေါင်းများစွာ ခံစားလာခဲ့ကြသည်ဖြစ်ကြောင်း၊  မိမိတို့ပအိုဝ်းလူမျိုး များသည် ခေတ်အဆက်ဆက်က စနစ်ဆိုးကြီးများကို အခြားတိုင်းရင်းသားများနှင့်အတူ ခံစားလာခဲ့ကြပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီး သည့်နောက်ပိုင်း နိုင်ငံရေးခေါင်းဆောင်ကြီးများ၏ သွေးကွဲမှုကြောင့် စည်းလုံးမှု၊ ယုံကြည်မှု ပျက်ပြားကာ နိုင်ငံဆင်းရဲလာရကြောင်း၊ ထိုသွေးကွဲမှု၊ စည်းလုံးမှုပျက်ပြားခြင်းသည် ယနေ့အထိပင် ပြည်သူများ အကျိုးဆက် ခံစားနေရကြောင်း၊ ထိုသင်ခန်းစာများကို ယူ၍ မိမိတို့ပအိုဝ်းလူမျိုးများသည် သွေးမကွဲရန်နှင့် စည်းလုံးညီညွတ်မှု ရှိရန်လိုအပ်ကြောင်း၊ ဒီကနေ့ မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ကို ကျင့်သုံးလာခဲ့ပြီဖြစ်ကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီခေတ်စနစ်တွင် မိမိတို့နှင့် ထိုက်တန်သော အခွင့်အရေးများကို မိမိတို့ယူတတ်ရန်အရေးကြီးကြောင်း၊ မိမိတို့ ပအိုဝ်းဒေသတွင် အခြားတိုင်းရင်းသားများနှင့် ယှဉ်လျှင်ဖွံ့ဖြိုးတိုးတက်နေပြီဟု ဆိုသော်လည်း မိမိတို့နှင့် ထိုက်တန်သော အခွင့်အရေးများ ရယူရဦးမည်ဖြစ်ကြောင်း၊ နိုင်ငံရေးလောကတွင် ဖိတ်ဖွဲ့ရသည့် သဘောရှိ၍ တောင်ကြီးမြို့နယ်ရှိ မိဘပြည်သူများအနေနှင့်အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်များကို
 ပြည်ခိုင်ဖြိုးပါတီအား ထောက်ခံကြရန်လိုကြောင်း၊ တောင်ကြီးမြို့နယ်သည် ပအိုဝ်းလူမျိုးများက စည်းလုံးညီညွတ်မှုရှိပြီး၊ လူဦးရေ ထက်ဝက်ကျော် နေထိုင်ကြောင်းကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် သက်သေပြရန် လိုအပ်ကြောင်း ဟောပြောစည်းရုံးခဲ့ပါသည်။




ထို့နောက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ ဥက္ကဌ ဦးခွန်စံလွင်ကလည်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၏ ရှေ့လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ရှင်းလင်းဟောပြောသွားပြီး ပင်လောင်းမြို့နယ်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီကိုယ်စားလှယ် ဦးခွန်စောထီးက ရွေးကောက်ပွဲဆိုင်ရာအသိပညာနှင့် မဲပေးပုံပေးနည်းများကို  ရှင်းလင်းတင်ပြသွားခဲ့ကြောင်း သိရှိရပါသည်။


 ခွန်ထင်းလေအောင်း
   
Powered by Blogger.