Tuesday, December 1, 2015

ဟိုပုံးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခွန်သိန်းဖေမှ ဆိုက်ခေါင်-ဟိုနမ့် လမ်းပိုင်းမှ ကြမ်းတမ်း ကျဉ်းမြောင်းသောလမ်းပိုင်းနှင့်ပျက်စီးဆိုးရွားလှသည့် တံတား (၃) စင်းအား ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် တွင်အမြန်ဆုံး ပြုပြင်တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်
ဓါတ်ပုံ - ပြည်သူ့လွှတ်တော်
ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ (၁.၁၂.၂၀၁၅) ရက်နေ့တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေမှ ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်နှင့် မောက်မယ်မြို့နယ်တို့ကို ဆက်သွယ်ထား သည့် အဓိကလမ်းမကြီးဖြစ်သော ဆိုက်ခေါင်-ဟိုနမ့်လမ်းပိုင်းမှ သွားလာရ အလွန်ခက်ခဲ၍ ကျဉ်းမြောင်းသော လမ်းပိုင်းသည် ပွန်ချောင်းအနောက်ဘက်ရှိ ပင်ညိုးရွာအနောက်ဘက် ရွပ်အရပ်မှ ပင်ညိုးရွာအရှေ့ဘက် ငုပ်၊ ထမ်းဆိုင်း အထိ ဖြစ်ပါကြောင်း၊ ထို့အပြင် ထမ်းဆိုင်းရွာ တောင်ဘက် တံတား ၁၇ ပေ မဲုင်းပေါင်လျိုတံတား ၂၁ ပေ၊ ပွန်ချောင်းအနောက် ဘက်ကမ်း အကွေ့ကြီးမှ တံတား ၁၆ ပေသည် တည်ဆောက်ရန်နှင့် ပြုပြင်ရန် လိုအပ်လျက်ရှိသော တံတားများဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဆီဆိုင်-မောက်မယ်မြို့နယ်ချင်းဆက် လမ်းပေါ်ရှိ ဆိုက်ခေါင်-ဟိုနမ့်လမ်းပိုင်းမှ ခက်ခဲကြမ်းတမ်းကျဉ်းမြောင်းသော လမ်းပိုင်းနှင့် တည်ဆောက်ပြုပြင်ရန် လိုအပ်လျက်ရှိသည့် တံတား (၃) စင်းအား ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် အမြန်ဆုံး ပြုပြင်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။

ဓါတ်ပုံ - ပြည်သူ့လွှတ်တော်
အဆိုပါမေးခွန်းအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးတင့်မှ ပြန်လည်ဖြေကြားရာတွင် - ရှမ်းပြည်နယ်(တောင်ပိုင်း) ဆီဆိုင်မြို့နယ်နှင့် မောက်မယ်မြို့နယ်ကို ဆက်သွယ်ထားသော ဆိုက်ခေါင်-ဟိုနမ့်လမ်းပိုင်းသည် ဆိုက်ခေါင်မှ ပွန်ချောင်းအထိ ၁၈ မိုင်၊ ၅ ဖာလုံ ရှည်လျားပြီး ပွန်ချောင်းမှ ဟိုနမ့်အထိ ၁၂ မိုင်၊ ၃ ဖာလုံ ရှည်လျားတာဖြစ်သည့်အတွက် စုစုပေါင်း မိုင် ၃၁ မိုင်ရှည်လျားပါကြောင်း၊ ဆိုက်ခေါင်နှင့် ပွန်ချောင်းအပိုင်းတွင် ကတ္တရာလမ်း ၅ မိုင်၊ ကျောက်လမ်း ၃ မိုင် ၆ ဖာလုံ၊  အမာခံလမ်း ၉ မိုင် ၇ ဖာလုံ ရှိသည့်အတွက် စုစုပေါင်း ၁၈ မိုင် ၅ ဖာလုံ ရှိပါကြောင်း၊ ထို့အတူ ပွန်ချောင်းမှ ဟိုနမ့်အပိုင်းသည် ၁၂ မိုင် ၃ ဖာလုံရှိသည့်အနက်  ကျောက်လမ်း ၄ မိုင် ၁ ဖာလုံ၊ အမာခံလမ်း ၈ မိုင် ၂ ဖာလုံရှိပါကြောင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ဆိုက်ခေါင်-ပွန်ချောင်းအပိုင်းတွင် ပြည်နယ်ပြင်ဆင်ထိန်းသိမ်းရေးရန်ပုံငွေ ကျပ် ၁၃၆.၃၄၆ သန်းနှင့် ကျောက်လမ်းခင်းခြင်း ၁ မိုင်၊ ကျောက်လမ်းပြုပြင်ခြင်း ၆ ဖာလုံ၊ အမာခံလမ်းပြုပြင်ခြင်း ၁ မိုင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆိုက်ခေါင်-ပွန်ချောင်းအပိုင်းကို ကျောက်လမ်းခင်းခြင်း ၈ မိုင် ၇ ဖာလုံ၊ ကျောက်လမ်းပြုပြင်ခြင်း ၂ မိုင်၊ ၃၄ ပေ အကျယ် တာဘောင်ချဲ့ခြင်း ၇ မိုင် ၅ ဖာလုံ ဆောင်ရွက်ရန် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ရန်ပုံငွေ ကျပ် ၅၉၁.၃၇၅ သန်း လျာထားတင်ပြတောင်းခံ ထားပါကြောင်း၊ ထို့အတူ ပွန်းချောင်း-ဟိုနမ့်အပိုင်းကိုလည်း ကတ္တရာလမ်း ၁၂ မိုင် ၃ ဖာလုံခင်းရန် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ရန်ပုံငွေကျပ် ၂၀၃၂ သန်း လျာထားတင်ပြထားပါကြောင်း။
ဆိုက်ခေါင်-ဟိုနမ့်လမ်းပေါ်ရှိ ထမ်းဆိုင်းရွာ တောင်ဘက်တံတားနှင့် မဲုင်းပေါင်လျိုတံတား တို့အား ၁၀ ပေ x ၃၀ ပေ ကျောက်စီကမ်းကပ်ခံ သံကူကွန်ကရစ်ကြမ်းခင်းတံတားဖြစ်ပြီး တံတားနှစ်စင်းကို ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ပြင်ဆင်ထိန်းသိမ်းရေးရန်ပုံငွေကျပ် ၃၇.၅ သန်းနှင့် ထမ်းဆိုင်းရွာ တောင်ဘက် တံတားသည် ရာခိုင်နှုန်းပြည့် ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ မဲုင်းပေါင်လျိုတံတားကို ဆက်လက် တည်ဆောက်ရန်အတွက် ပစ္စည်းများစုဆောင်းထားပြီး ယခုဘဏ္ဍာရေးနှစ်တွင် အပြီးတည်ဆောက်သွားမည် ဖြစ်ပါကြောင်း၊ ကျန်တံတားကို မိမိတို့အနေဖြင့် ယခုဘဏ္ဍာရေးနှစ်တွင် ပြီးစီးအောင် ဆောင်ရွက်နိုင်ခြင်း မရှိပါကြောင်း၊ နောင်လာမည့်ဘဏ္ဍာရေးနှစ်များတွင် ရန်ပုံငွေကျပ် ၁၂.၅ သန်း တင်ပြတောင်းခံပြီး ကျန်သည့်တံတားတစ်စင်းကို ဆောင်ရွက်ရန် စီမံဆောင်ရွက်ထားပါကြောင်း။
ထို့ကြောင့် ဆိုက်ခေါင်-ပွန်ချောင်းလမ်းပိုင်းနှင့် ပွန်ချောင်း-ဟိုနမ့်လမ်းအပိုင်းတို့သည် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် အဆင့်မြှင့်တင်ခြင်း ဆက်လက်ဆောင်ရွက်ပြီး တံတား (၃) စင်းအနက် (၂) စင်းကို ယခုဘဏ္ဍာရေးနှစ်တွင် အပြီးဆောင်ရွက်မည်ဖြစ်ပြီး ကျန်တံတားတစ်စင်းကို ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး ဆက်လက်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသွားကြောင်း သိရှိရပါသည်။

ကိုးကား - ပြည်သူ့လွှတ်တော်၏ website စာမျက်နှာ http://www.pyithuhluttaw.gov.mm/


Powered by Blogger.