Thursday, December 24, 2015

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ ဥက္ကဌဦးခွန်စံလွင်နှင့် အတွင်းရေးမှူးခွန်သိန်းဖေ တို့က RCSS/SSAအဖွဲ့မှ ပြန်လွှတ်ပေးလိုက်သော ဦးစိုးဝင်းနှင့် ဦးထွက်စုအား ၀မ်းသာစွာတွေ့ဆုံ

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်


ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ ဥက္ကဌဦးခွန်စံလွင်နှင့်အတွင်းရေးမှူးခွန်သိန်းဖေတို့က  ဒီကနေ့ ဒီဇင်ဘာလ(၂၄)ရက်၊ ကြာသပတေးနေ့၊ တောင်ကြီးမြို့ပေါ်ရှိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုဌာနချုပ်ရုံးတွင် ရှမ်းပြည်နယ်ပြန်လည်ထူထောင်ရေး တပ်မတော် RCSS/SSAမှ အကြောင်းပြချက်ခိုင်လုံမှု မရှိဘဲ အောက်တိုဘာလ(၁၃)ရက် ပန်ပီးဒေသတွင် ဖမ်းဆီး ထိန်းသိမ်းခံရခဲ့ရကာ ဒီဇင်ဘာလ(၁၀)ရက်တွင် ထိုအမှုမှ လွတ်မြှောက်လာသော ဦးစိုးဝင်းနှင့် ဦးထွက်စုအား ၀မ်းသာစွာ တွေ့ဆုံခဲ့ပါသည်။
ထိုသို့ တွေ့ဆုံရာတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ ဥက္ကဌဦးခွန်စံလွင်နှင့်အတွင်းရေးမှူး ခွန်သိန်းဖေတို့က  အခုလို ဘေးအန္တာရယ်ကင်းရှင်းစွာဖြင့် မိမိနေထိုင်ရာဒေသ၌ ပြန်လည်လွှတ်မြှောက် သည်ကို ကြားသိရသည်မှာ အလွန်ပင် ၀မ်းသာပီတိဖြစ်မိပါကြောင်း၊ မိမိတို့ အနေနှင့် ဖမ်းဆီးသွားသည့်အမှုကို ကြားကြားချင်း သက်ဆိုင်ရာ ရှမ်းအကြီးအကဲများနှင့်သော်လည်းကောင်း၊ ရှမ်းပြည်နယ်ဌာနဆိုင်ရာများကို သော်လည်းကောင်း မေးမြန်းခြင်း၊ စာပို့ခြင်း၊ အကြောင်းကြားခြင်းများ ပြုလုပ်ခဲ့ပါကြောင်း၊ နောင်တချိန်တွင် ဤကဲ့သို့ အထင်လွဲမှားမှုများ မဖြစ်ရလေအောင် မိမိတို့အနေနှင့် ရှမ်းလူမျိုးများနှင့်သော်လည်းကောင်း အစိုးရဌာနဆိုင်ရာများနှင့် သော်လည်းကောင်း ရင်းရင်းနှီးနှီးချစ်ချစ်ခင်ခင် ဒေသအကျိုးကို ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ပြောကြားသွားပါသည်။
ပြန်လည်လွှတ်မြှောက်လာသော ဦးစိုးဝင်းနှင့် ဦးထွက်စုကလည်း မိမိတို့ ဤကဲ့သို့ ပြန်လည် လွှတ်မြှောက်လာရခြင်းမှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ ဥက္ကဌဦးခွန်စံလွင်နှင့်အတွင်းရေးမှူး ခွန်သိန်းဖေတို့၏ ကျေးဇူးများပင်ဖြစ်ကြောင်း၊ ထိုကဲ့သို့ မိမိတို့အမှုကိစ္စကို ၀ိုင်းဝန်းကူညီပေးသော ဥက္ကဌအပါအ၀င် အတွင်းရေးမှူးနှင့်တကွ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဗဟိုဌာနရုံးရှိ သက်ဆိုင်ရာ လူကြီးမင်းအကြီးအကဲများကို အထူးပင် ကျေးဇူးတင်ပါကြောင်း၊ RCSS/SSAအနေနှင့်လည်း မိမိတို့ကို ညှင်းပန်းနှိပ်စက်ခြင်း မပြုလုပ်ခဲ့ပါကြောင်း၊ ထိုကဲ့သို့ အဖမ်းခံရခြင်းကို မိမိတို့အနေနှင့် ကံမကောင်း၍ ၀ဋ်ကြွေးတစ်ခုအဖြစ်သာ ခံယူထားပါကြောင်း၊ နောက်နောင်တွင် ဤကဲ့သို့ မဖြစ်ရလေအောင် ဒေသအကျိုးဆောက်ရွက်ရာတွင် ဌာနဆိုင်ရာများ နှင့်ညီနောင်တိုင်းရင်းသားများကို တိုင်တိုင်ပင်ပင် ဆွေးနွေးလုပ်ဆောင်သွားမည် ဖြစ်ပါကြောင်း ပြန်လည် ပြောကြားသွားပါသည်။
ထိုအမှုနှင့် ပတ်သက်၍ ဦးစိုးဝင်းက “ ကျွန်တော်တို့က မဲပေးပုံပေးနည်း သင်တန်းကနေ ပန်ပီးဒေသအပြန်လမ်းမှာ ကျွန်တော်တို့ကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီ့ အချိန်က ရွေးကောက်ပွဲနဲ့လည်း နီးတယ်။ ရွေးကောက်ပွဲနီးတဲ့အချိန်မှာ အကြောင်းပြချက်ခိုင်လုံမှုမှရှိဘဲ ဖမ်းဆီးသွားတဲ့အတွက် ဒါက အကြောင်းတစ်ခုခုရှိလိမ့်မယ်”ဟု သူ့၏အမြင်ကို ပြောကြားခဲ့ပါသည်။
 
ခွန်ထင်းလေအောင်း



Powered by Blogger.