တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ (၁၄) ရက်
အကျွန်ုပ်တို့ ဗုဒ္ဓဘာသာသည် များသောအားဖြင့် မီးရိုးဖလာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြပါသည်။ သဒ္ဒါတရားထက်သန်စွာဖြင့် ရတနာသုံးပါးကို ကိုးကွယ်ကြသူများကား သုံးပုံတစ်ပုံသာတွေ့မြင်ရပါသည်။ ရုပ်ဝတ္တုဆိုင်ရာ အလွန်တိုးတက်နေသော ဒီခေတ်ကြီးမှာ ရတနာသုံးပါး ဆည်းကပ်သူကား အဘယ်မျှအတိုင်းတာထိ ဆုတ်ယုတ်သွားသည်ကို စာဖတ်သူကိုယ်တိုင် သိမြင်နေသည့်အတိုင်းပင်ဖြစ်သည်။
အကျွန်ုပ်တို့နေထိုင်သော ဤကမ္ဘာလောကကြီးကို ခေတ်အမြင်နဲ့ပြောရလျှင် တိုးတက်နေတဲ့ခေတ် လိုတိုင်း တောင်းတတိုင်းရလို့ ပဒေသာခေတ်လို့ ဆိုချင်ဆိုကြလိမ့်မည်၊ ဗုဒ္ဒအမြင်အရ စိတ်ဓာတ်ပိုင်းဆိုင်ရာ အကျင့်စာရိတ္တပိုင်းဆိုင်ရာမှာ များစွာလိုအပ်နေပြီး အရာရာချို့တဲ့နေတဲ့ခေတ် လောဘစိတ်တွေ အခြေခံပြီး အကုသိုလ်တရားတိုးပွားနေတဲ့ခေတ်ဟု ဆိုနိုင်ပါသည်။
ယနေ့လူငယ်တွေအမြင်နဲ့ ယခင်က ဘာသာတရားကိုင်းရှိုင်းတဲ့ ရှေးလူကြီးတွေရဲ့အမြင်နဲ့ နှိုင်းကြည့်မယ်ဆိုလျှင် အဘယ်မှာလောက်ကွာခြားသည်ကို စာဖတ်သူကိုယ်တိုင် ဆင်ခြင်သုံးသပ်စေလိုပါသည်
မိမိတို့ရဲ့ မိသားစုချမ်းသာရေး၊ ကြီးပွားရေးကိုသာ ရှေ့တန်းတင်ပြီး ဘိုးဘွားအစဉ်အဆက် ကိုးကွယ်အားကို တန်ဖိုးထားပြီး တာဝန်သိစိတ်ဖြင့် တာဝန်ကျေပွန်စွာ ကိုးကွယ်ခဲ့တဲ့ အမိဗုဒ္ဓဘာသာကို ယနေ့လူငယ်တွေ အရေးမထားကြတော့ဘဲ တန်ဖိုးမဲ့ ရှေးဟောင်းပစ္စည်းလို ကြည့်ကောင်းအောင်လောက်သာ အမိဗုဒ္ဓဘာသာကို ကိုးကွယ်ကြသည်မှာ အလွန်ပင်ဝမ်းနည်းဖွယ်တွေ့မြင်ရပေသည်။
ယနေ့လူငယ်တွေဟာ များသောအားဖြင့် မိမိရဲ့ ဘိုးဘောင်စဉ်ဆက်ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို တန်ဖိုးမထားကြတော့သည်မှာ ခေတ်ရေစီးကြောင့်လား (သို့) ခေါင်းဆောင်ပိုင်းအားနည်းချက်ကြောင့်လား ဆိုတာ စာဖတ်သူကိုယ်တိုင်သာ သုံးသပ်ကြပါလို့ စာရေးသူ အနူးအညွှတ်တောင်းပန်အပ်ပါသည်။
ရွှေ၊ ငွေ၊ ပတ္တမြားဆိုတာ အဖိုးတန်ပစ္စည်းပါလို့ ဘယ်မိဘကမှ ပြောမပြခဲ့လျှင် ထိုပုဂ္ဂိုလ်တို့ရဲ့ သားသမီးများဟာလည်း ထိုအဖိုးတန်တဲ့ပစ္စည်းတွေကို ရဲရဲကြီးစွန့်ပစ်ကြမည် မဟုတ်ပါလား၊ ထို့အတူပင် ဗုဒ္ဒဘာသာဟာလည်း ကမ္ဘာမှာဘဲဖြစ်ဖြစ် မြန်မာမှာဘဲဖြစ်ဖြစ်၊ အဖိုးတန်ဘာသာ တန်ဖိုးအရှိဆုံးဘာသာပါဟု ခေါင်းဆောင်ပိုင်းမှာရော၊ မိဘပိုင်းမှာရော မိမိတို့ရဲ့တပည့်စဉ်ဆက် မိမိတို့ရဲ့သားမြေးအစဉ်ဆက်မပြောပြခဲ့၊ မဟောပြခဲ့လျှင် ထိုတပည့် ထိုသားသမီးတို့သည်လည်းဘဲ အဖိုးတန်ဘာသာမှန်း မသိကြတော့ဘဲ ရဲရဲကြီး မိမိဘာသာကို စွန့်လွှတ်ကြလိမ့်မည်မဟုတ်ပါဘား၊ ကမ္ဘာမှာ ရုပ်ဝတ္တုပစ္စည်းတိုးတက်လေလေ ကောင်းကျိုးနည်းပြီး ဆိုးကျိုးများလေလေ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာတိုးတက်လေလေ၊ ကမ္ဘာလောကကြီးတစ်ခုလုံး အေးချမ်းလေလေဆိုတာ စာရှုသူတိုင်း သိပြီးသားဖြစ်မှာပါ။
ထို့ကြောင့် မိမိသော်လည်ကောင်း၊ ပတ်ဝန်းကျင်သော်လည်ကောင်း၊ ကမ္ဘာကြီးတစ်ခုလုံး သော်လည်ကောင်း၊ တစ်ကယ့်ငြိမ်းချမ်းလိုတဲ့ဆန္ဒရှိသူတိုင်း ဗုဒ္ဓဟောကြားတဲ့တရား မိမိရဲ့ဘာသာ၊ မိမိရဲ့ သာသနာကို ယနေ့ ခေတ်လူငယ်အပါအ၀င် ကမ္ဘာသူ ကမ္ဘာသားအားလုံးတို့၏ နှလုံးသားထဲသို့ တံဆိတ်ပမာ ရိုက်သွင်းကြဖို့ ကိုယ်စီအသိရှိသူတိုင်း တာဝန်ရှိကြပါသည်။ ကမ္ဘာလောကကြီးတစ်ခုလုံး အေးချမ်းအောင်ပြုလုပ်နေတဲ့သူနဲ့ ကမ္ဘာလောကကြီးတစ်ခုလုံး ဆင်းရဲဒုက္ခတွင်းထဲရောက်အောင် ပြုလုပ်ဖန်တီးတဲ့သူဟာ မည်သူမည်ဝါမျှမဟုတ်ပဲ၊ မိမိသာလျှင်ဖြစ်ကြောင်း ဆင်ခြင်သင့်ပါ၏ ကမ္ဘာတည်သရွှေ့ သာသနာတည်ရမည်လို့မဆိုပါ။ မိမိအသက်ရှင်သရွှေ့ သာသနာတည်ရမည်ဟု သဓိဌာန်ချသင့်သည် မဟုတ်လော့။
သို့အတွက်ကြောင့် မိမိသည်သာလျှင် ဖန်ဆင်းရှင်ဖြစ်၍ ကမ္ဘာလောကကြီးအဓွန့်ရှည်စွာ ငြိမ်းချမ်းရန်အလို့ဌာ ယနေ့လူငယ်မောင်မယ်တွေကို နှလုံးသားမှာ ဗုဒ္ဓတရားတော် မြဲမြံစွာတည်ရှိအောင် ထိုလူငယ်မောင်မယ်တို့ရဲ့ နှလုံးသားဝယ် ဘုရား၊ တရား၊ သံဃာ တည်ပေးခဲ့ကြပါလို တိုက်တွန်းရင်း မိမိရဲ့ဘာသာရေးအးကြောင်း တစ်တောင့်တစ်နေရာကနေပြီး ဆီမီးလေးတစ်ဖွယ် စာရှုသူအပေါင်းတို့အတွက် အလင်းရောင်ရပါစေလို့ ဆုတောင်းရင်းနိဂုံးချုပ်အပ်ပါသည်။
ခွန်အောင်ထွိုက်ဗွေ
Like On Facebook
Follow On Twitter
Subscribe On RSS