Friday, February 26, 2016

တောင်ကြီးမြို့နယ်၊ ဖက်ကွန်ကျေးရွာအုပ်စု၊ အွံအားကျေးရွာတွင် ကောင်းမှုတော်စေတီ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇) ရက်


(၂၄.၂.၂၀၁၆) ရက်နေ့၊ တောင်ကြီးမြို့နယ်၊ ဖက်ကွန်အုပ်စု၊ အွံအားကျေးရွာတွင် နှစ်စဉ်နှစ်တိုင်း တောင်ပေါ်ရှိ ကောင်းမှုတော်စေတီအား ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပလာခဲ့ရာ ယခုနှစ်ပွဲတော်ကို နံနက်ပိုင်းတွင် သက်ရှိထင်ရှားမြတ်စွာဘုရားကို ရည်စူး၍ ကောင်းမှုတော်စေတီအား ကျေးရွာလူငယ်မောင်မယ်များက ပအိုဝ်းရိုးရာဓလေ့ထုံးတမ်းအစဉ်အလာ အိုးစည်(ထုံမောင်း) တို့ဖြင့် ဆွမ်း၊ ဆီမီး၊ ပန်း၊ ခဲဖွယ်၊ လှူဖွယ်ဝတ္ထုအစုစုတို့ဖြင့် လှူဒါန်းပူဇော်ကပ်လှူခဲ့ကြသည်။


နေ့လည်ပိုင်းအချိန်တွင် ဆရာတော် ဦးပညာဇောတ ဦးဆောင်ပြီး ရဟန်းလောင်း(၂)ပါးကို မြင့်မြတ်သော ဥပသမ္ပဒကံ ရဟန်းအဖြစ်သို့ တင်မြောက်ပြီး ပင့်ကျောင်း (၁၇) ကျောင်းမှ ရဟန်း(၃၅)ပါး၊ သာမဏေအပါး(၄၀) ကြွရောက်လာပြီး လွိုင်ကော်မြို့ သာဝတ္ထိကျောင်းတိုက် ဆရာတော် သာသနဓဇဓမ္မာစရိယ ဘဒ္ဒန္တ ပိဏ္ဍောလ အရှင်သူမြတ်မှ လှူဖွယ်ဝတ္ထုအစုစုတို့ကို ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး နိဗ္ဗာန်ရောက်ကြောင်း တရားတော်များ ဟောကြားပေးခဲ့ကြောင်း သိရှိရပါသည်။
ထိုကောင်းမှုတော်စေတီတော်မြတ်ကြီးကို ဆရာတော်ဘုရားကြီး ဦးနန္ဒက ဦးဆောင်၍ ကျေးရွာအလှူရှင်များနှင့်အတူ တည်ထားကိုးကွယ်လာခဲ့သည်မှာ နှစ်ပေါင်း (၂၀) ကြာခဲ့ပြီဖြစ်ကြောင်း သိရှိရပါသည်။  အွံအားကျေးရွာသည် အိမ်ခြေ (၂၃၀) ကျော်ရှိပြီး အတန်းကျောင်း အနေဖြင့် အခြေခံပညာမူလတန်းလွန်ကျောင်း ၊ ဘာသာရေးဘုန်းတော်ကြီးကျောင်း မှာဆိုလျှင် ပရိယတ္တိ စာသင်တိုက် နှင့် မြသီတာကမ္မဌာန်းကျောင်းတိုက်ဟူ၍ နှစ်ကျောင်းရှိသည်။ 


မြသီတာ ကမ္ပဌာန်းကျောင်းကို ဆရာတော် ဦးသာသန ဦးစီးဦးဆောင်ပြီး တည်ထောင်လာခဲ့ သည်မှာ နှစ်ပေါင်း (၅၅) နှစ်ကြာညောင်းခဲ့ပြီဖြစ်သည်။ ဆရာတော် ဦးသာသနသည် တောင်ကြီးမြို့နယ်၊ အွံအားမြသီတာကမ္မဌာန်းကျောင်းအပြင် မြေဖြူကမ္မဌာန်းကျောင်း၊ လွယ်ပွတ်ကမ္မဌာန်းကျောင်း၊ နောင်ခဲကမ္မဌာန်းကျောင်း၊ ပင်းတယ ကမ္မဌာန်းကျောင်း၊ လင်းခေးကမ္မဌာန်းကျောင်း၊ ပင်လောင်း ကမ္မဌာန်းကျောင်းများကိုလည်း ဦးဆောင်ပြီး တည်ထောင်ပေးခဲ့ပါသည်။
ဆရာတော် ဦးသာသန တည်ထောင်ထားခဲ့ သော အွံအားကျေးရွာ၊ မြသီတာကမ္မဌာန်းကျောင်းတိုက်သည် ယိုယွင်းပျက်စီးလာနေသဖြင့် လက်ရှိဆရာတော် ဦးပညာဇောတ ဦးဆောင်၍ ပြန်လည်မွမ်းမံခြင်း၊ ထပ်မံတိုးချဲ့ခြင်းတို့ ပြုလုပ်လျှက်ရှိရာ ယောကီဆောင်တစ်ဆောင်လျှင် ကျပ် (၁၅၀၀၀၀၀) တိတိ မည်သူမဆို ပါဝင်လှူဒါန်းနိုင်ပါကြောင်းနှင့် လက်ရှိတွင် ယောကီဆောင် (၁၃) ဆောင်သာရှိပြီး ယောကီဆောင်(၁၅) ဆောင်ပြည့်မှသာလျှင် တရားစခန်းကို တစ်နှစ်လျှင် (၂) ကြိမ်ဖွင့်လှစ်မည်ဖြစ်ကြောင်း  သျင်းဖါတိန်ဖါလုံး ပြောကြားချက်အရ သိရှိရပါသည်။

ခွန်အောင်ထွိုက်ဗွေ

Powered by Blogger.