Wednesday, February 10, 2016

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် Compton မြို့တွင် ကားပေါ်မှ သေနတ်သမား၏ လက်ချက်ကြောင့် အပြစ်မဲ့ တစ်နှစ်အရွယ် သမီးငယ်လေး သေဆုံး

The Washionton Post ၊ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်


သေနတ်သံ ၁၀ ချက်ခန့် ထွက်ပေါ်လာပြီးနောက် အမျိုးသမီးတစ်ဦး၏ အော်ဟစ်သံ ကြားလိုက်ရသည်။ “ကျွန်မသမီးလေးကို ထိသွားပြီ၊ ကျွန်မသမီးလေးကို ထိသွားပြီ”။ ကလေးလေးကို တင်းကျပ်စွာ ပွေ့ချီထားသည့် အမျိုးသားတစ်ယောက် အိမ်ပြင်သို့ ပြေးထွက်လာသည်။ သူ့ပါးပြင်ပေါ်တွင် မျက်ရည်များ တသွင်သွင် စီးကျလျှက်။
ကလေးမလေး၏ အမည်မှာ အော်တမ်ဂျွန်ဆင် ဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပွားသည့် နေရာမှ ဆေးရုံသို့ ရောက်ရှိပြီး မကြာမီမှာပင် ဦးခေါင်းပိုင်း ရရှိသော သေနတ်ဒဏ်ရာဖြင့်သေဆုံးသွားခဲ့သည်။ တစ်နှစ်ပြည့်မွေးနေ့အပြီး (၇) ရက်ကျော်သာသာ ရှိသေးသော အပြစ်မဲ့ သမီးလေး သေဆုံးရရှာပြီ။
လော့စ်အိန်ဂျယ်လစ် ရဲဌာန အကြီးအကဲမှ “ အမြန်မောင်းနှင်လာသည့် မော်တော်ကားတွင်းမှ သေနတ်သမားများက အိမ်အတွင်းရှိ တစ်စုံတစ်ယောက်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ဖွယ်ရှိပြီး အပြစ်မဲ့ ခလေးငယ်တစ်ယောက် အသက်ဆုံးရှုံးသွားရခြင်းဖြစ်ကြောင်း ကနဦးစစ်ဆေးချက်အရ သိရသည်” ဟု KTLA သတင်းဌာနသို့ ပြောကြားခဲ့သည်။ ကယ်လီဖိုးနီးယားပြည်နယ်၊ Compton မြို့အတွင်း အင်္ဂါနေ့တွင် ဖြစ်ပွားသော ပစ်ခတ်မှုမှာ လူဆိုးဂိုဏ်းများနှင့် ဆက်စပ်ပတ်သက်သည်ဟု ထင်မြင်ယူဆကြောင်း ရဲဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
လော့စ်အိန်ဂျယ်လစ် မြို့လယ်၏ တောင်ဖက်ပိုင်း ကျရောက်သော ဤမြို့အတွင်း သေနတ်ပစ်ခတ်မှုများမှာ မဆန်းကျယ်တော့ပါ။ ကုန်ခဲ့သော (၁၂) လတာ ကာလအတွင်း  သေနတ်ပစ်ခတ်မှုများကြောင့် လူ (၁၄) ဦး သေဆုံးခဲ့သည်ဟု Loa Angeles Times ၏ မှတ်တမ်းများအရ သိရှိရသည်။ သို့ရာတွင် ပစ်ခတ်မှုများကြောင့် (၁) နှစ်အရွယ် ကလေးငယ် သေဆုံးခဲ့ရခြင်း ဖြစ်ရပ်မျိုးတော့ မရှိခဲ့ဖူးပါ။
မျက်မြင်သက်သေများ၏ ပြောကြားချက်အရ အင်္ဂါနေ့ည (၇း၀၀) နာရီခန့်တွင် ဖြတ်သန်းသွားသော ကားတစ်စီးအတွင်းမှ သေနတ်သမားတစ်ဦးမှ အိမ်အတွင်းသို့ ပစ်ခတ်ခဲ့ရာ အဆိုပါ သမီးငယ်လေး၏ မိသားစု နေထိုင်သော ဂိုဒေါင်အတွင်းသို့ ကျည်ဆန် ရောက်ရှိသွားခြင်းဖြစ်ကြောင်း၊ ကျန်မိသားစုဝင်များထဲမှ မည်သူ တစ်ဦးတစ်ယောက်မျှ ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။
တာဝန်ရှိသူများ ရောက်ရှိလာပြီးပြီးချင်း ကလေးငယ်အား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း ဆေးရုံသို့ရောက်ပြီး မကြာမီမှာပင် သေဆုံးသွားခဲ့သည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုမှာ မည်သည့်အဖွဲ့မှဖြစ်ပြီး မည်သူ့အားရည်ရွယ်ခြင်းဖြစ်သည်ကို ရဲဌာနမှ အပူတပြင်း စုံစမ်းလျှက်ရှိသည်။

ဘာသာပြန် - ခွန်ခမ်းမြတ် (နောင်တရား)


Powered by Blogger.