Thursday, April 21, 2016

ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ် ၀န်ကြီးများ၊ ဌာန ဆိုင်ရာပုဂ္ဂိုလ်များက ဒေသဖွံ့ဖြိုး တိုးတက်ရန်အတွက် မိဘပြည်သူများအား ကွင်းဆင်းတွေ့ဆုံ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဧပြီလ (၂၁) ရက်





ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရန် ရည်ရွယ်၍ ၂၀၁၆ ခုနှစ်၊ ဧပြီလ(၂၁)ရက်၊ ကြာသပတေးနေ့၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊
 ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာပုဂ္ဂိုလ်များက ရှမ်းပြည်နယ်တောင်ပိုင်း၊ အထူးဒေသ(၆)၊ ညောင်ရွှေမြို့နယ်၊ သပြေကုန်း ကျေးရွာအုပ်စု၊ အင်းနီကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံမိဘပြည်သူများအား ရင်းနှီးစွာ တွေ့ဆုံခဲ့ကြပါသည်။
အဆိုပါ ဒေသခံမိဘပြည်သူများနှင့် တွေ့ဆုံရာတွင် ပြည်ထောင်စုအဆင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေ၊ တောင်ကြီးမဲဆန္ဒနယ်(၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းလတ်၊ ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုး၊ ဟိုပုံးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်အောင်ကျော်၊ တောင်ကြီးမြို့နယ် မဲဆန္ဒနယ်(၂) ပြည်နယ်လွှတ်တော် ဦးခွန်သူရအောင်၊ ရှမ်းပြည်နယ်ဝန်ကြီးများ ဖြစ်သော လျှပ်စစ်စွမ်းအင်နှင့်စက်မှုလုပ်ငန်းဝန်ကြီး ဦးရွှေသိန်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးစိုင်းလုံးကျော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ဌာနဆိုင်ရာပုဂ္ဂိုလ်များနှင့် ဒေသခံမိဘပြည်သူများ စုစုပေါင်း(၂၀၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့တွေ့ဆုံရာတွင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ၀န်ကြီးများနှင့် ဌာနဆိုင်ရာ လူကြီးမင်းများက မိမိတို့ထမ်းဆောင်နေလုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး ဒေသခံမိဘပြည်သူများကလည်း မိမိတို့ဒေသ၏ လိုအပ်ချက်များဖြစ်သော လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ ပညာရေးများကို တင်ပြခဲ့ကြပါသည်။
ဒေသခံမိဘပြည်သူများ၏ ဒေသလိုအပ်ချက်တင်ပြခြင်းနှင့် ပတ်သက်၍ “ ခုနက ပြောတဲ့ လမ်းပေးပါ၊ မီးပေးပါ၊ ကျောင်းပေးပါ၊ ဆေးရုံဆောက်ပေးပါဆိုတာ အမှန်တော့ ပြည်သူက တောင်းစရာမလိုဘဲ ကျွန်တော်တို့အစိုးရက လုပ်ပေးရမဲ့ တာဝန်ရှိပြီးသားပါ၊ ဒါတွေက ကျွန်တော်တို့ အစိုးရလက်ထက်မှာ ဖြစ်နိုင်ပါတယ်၊ ဒီဟာတွေ လုပ်ဆောင်ဖို့ ကျွန်တော့်အနေနဲ့ ၀န်ကြီးတွေကို တွန်းအားပေးသွားပါ့မယ်၊ မလုပ်ဆောင်ပေးဘူးဆို ပြောပါ” ဟု ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးက ပြောကြားသွားပါသည်။
လွယ်ခေါ်၊ အင်းနီ၊ သပြေကုန်း စသော ဒေသတကျောရှိ ကျေးရွာများတွင် တောင်ကုန်းတောင်တန်းများ ထူထပ်၍ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး  သနပ်ဖက်ကိုအဓိက စိုက်ပျိုးကြကာ လက်ဖက်၊ ထောပတ်၊ ဌက်ပျော် စသည်တို့ကိုသာ အနည်းငယ် စိုက်ပျိုးနေကြရကြောင်း သိရှိရပါသည်။

ခွန်ထင်;လေအောင်;



Powered by Blogger.