Tuesday, May 17, 2016

ပညာရေးဟူသည်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ မေလ (၁၈) ရက်


လူ့လောကသည် ပစ္စည်း၊ ဥစ္စာ ရတနာများကို တန်ဖိုးထားထိန်းသိမ်းကြသည့်အပြင် ပညာတည်းဟူသော ရတနာသည်လည်း တန်ဖိုးကြီးမားသည့်အတွက်ကြောင့် လူတိုင်းပညာရေးပိုင်းဆိုင်ရာ လိုအပ်ချက်များနှင့် ယနေ့ခေတ်မှာ လူတိုင်းပညာသင်ယူကြရန်   လိုအပ်ပါသည်။ ပညာဆိုသည်မှာ အသိပညာနှင့် အတတ်ပညာဟူ၍ (၂) မျိုးရှိပါသည်။ အသိပညာသည် ခန္ဓာကိုယ်ရှိ ရုပ်၊ နာမ် စသည့် အသိပညာ၊ ဗဟုသုတများကို ဆိုလိုခြင်းဖြစ်သည်။ အတတ်ပညာဆိုသည့် အရာသည် သင်ယူခြင်း၊ သင်ကြားခြင်း၊ လေ့လာခြင်း၊ မိမိကိုယ်ကို နားလည်အောင် လေ့လာသင်ယူမှုသည် အတတ်ပညာဟုဆိုလိုသည်။ ပညာဟူသည့်အရာသည် ကိုင်တွယ်၍မရပါ။ သို့သော် ဘ၀အတွက် ခံစားနိုင်စွမ်းရှိသည့် အရာတစ်ခုဖြစ်သည်။ ပညာဆိုသည့် အဓိပ္ပာယ်သည် မပြောပြတတ်နိုင်လောက်အောင် နက်နဲပါသည်။ နေရောင်၊ လရောင်ထက် လင်းလက်တောက်ပသော အရာသည် ပညာသာဖြစ်သည်။ ပညာဟူသည့် အရောင်သည် အလင်းလက်ဆုံး၊ အတောက်ပဆုံးသော အရာတစ်ခုဖြစ်သည်။
ပညာဟူသည့်အရာသည် အခြားပစ္စည်းများနှင့် မတူညီကြပါ။ ပစ္စည်း၊ ဥစ္စာရတနာများကို ရန်သူမျိုးငါးပါး ဖျက်ဆီးနိုင်သော်လည်း “ပညာရွှေအိုး၊ လူမခိုး” ဆိုသည့် ရှေးလူကြီးဆိုဆုံးမခဲ့သည့်အတိုင်း ပညာသည် ရန်သူမျိုးငါးပါး ဖျက်ဆီးတိုက်ဖျက်၍မရပါ။ ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်လာသော ယနေ့ခေတ်ပညာရေးသည် သိပ္ပံနည်းပညာတိုးတက်မှုကို ကြည့်ခြင်းအားဖြင့် Computer, Phone, Internet  စသည့် နည်းပညာ၊ အတတ်ပညာများသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံရှိ ပညာရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လှုမှုရေး၊ ကျန်းမာရေး စသည့် အရေးအရာများ ပြောဆိုမှု၊ ဆက်သွယ်မှုအဆင်ပြေအောင် ဖန်တီးပေးနိုင်ခဲ့သည်မှာ ခေတ်ပညာကြောင့်သာ ဖြစ်သည်။ ကမ္ဘာလောကကြီး တိုးတက်လာနေသည်ကို ကြည့်ခြင်းအားဖြင့် ပစ္စည်း၊ ဥစ္စာ၊ ရတနာကြောင့် ကြွယ်ဝချမ်းသာနေသည်မှာ နည်းပါးပြီး ပညာကြောင့် တိုးတက်ပြောင်းလဲမှုများပြားနေသည်ကို တွေ့မြင်ရပါသည်။ နိုင်ငံတစ်နိုင်ငံ တိုးတက်ပြောင်းလဲမှုကို သုတေသနပြုလုပ်ကြမည်ဆိုပါက အရာရာတိုင်း ပြောင်းလဲတိုးတက်မှုအကြောင်းရင်းသည် ပညာရေးကြောင့်သာဖြစ်သည်။ နေကမ္ဘာ၊ လကမ္ဘာ ဂြိုလ်များတည်ရှိရာသို့ လူသားများသွားရောက်နိုင်သည်မှာလည်း ပညာကြောင့်ပင်ဖြစ်သည်။
ထို့ကြောင်း မိမိလူမျိုး၊ မိမိနိုင်ငံ၊ မိမိတိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရန်အတွက် လူတိုင်းလူတိုင်း ပညာများ သင်ယူကြရန်နှင့်  မိမိသားသမီးများ၏ပညာရေးကို အားပေးကြပါရန် အလွန်ပင်လိုအပ်ပါသည်။ နိုင်ငံသားတိုင်း လူတစ်ဦးချင်းစီ ပညာတတ်မြောက်မှသာလျှင် မိမိလူမျိုး၊ မိမိနိုင်ငံ၊ မိမိတိုင်းပြည်ဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်လာသည် သာမက မိမိတို့လိုချင်လျှောက်လမ်းနေသော ဒီမိုကရေစီလမ်းစဉ်ကိုလည်း ကျင့်သုံးလာနိုင်ပါမည်။ နည်းပညာဖွံ့ဖြိုးတိုးတက်မှသာလျှင် မိမိတို့နိုင်ငံအတွင်းရှိ ထွက်ကုန်ပစ္စည်းများကို ကုန်ချောအဖြစ်သုံးစွဲနိုင်မည်ဖြစ်ပြီး  အခြားနိုင်ငံထုတ်ကုန်ပစ္စည်းများ သုံးစွဲရန်မလိုအပ်ဘဲ မိမိတို့နိုင်ငံရှိ ထုတ်ကုန်ပစ္စည်းများကို အသုံးပြုလာနိုင်မည်ဖြစ်သည်။ မိမိတို့နိုင်ငံတွင် ပညာတတ်သူနည်းပါးသောကြောင့် မိမိတို့နိုင်ငံထွက်ကုန်ပစ္စည်းများကို ကုန်ချောအဖြစ်မထုတ်လုပ်နိုင်ဘဲ အခြားနိုင်ငံမှထုတ်လုပ်သော ထွက်ကုန်များကိုသာ သုံးစွဲနေရပါသည်။ မိမိတို့နိုင်ငံ  နိုင်ငံတကာအဆင့်မှီပညာရေးဖွံ့ဖြိုးတိုးတက်မှသာလျှင် မိမိတို့နိုင်ငံမှထွက်ရှိသောကုန်ကြမ်းနှင့် သံယံဇာတများကို နိုင်ငံခြားတိုင်းတစ်ပါးသို့ တင်ပို့ရန်မလိုဘဲ ပြည်တွင်း၌်သာ ကုန်ချောများထုတ်လုပ်နိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် ခေတ်ပညာတတ် လူငယ်များသည် မိမိတတ်သိထားသည့်အသိပညာ၊ အတတ်ပညာများကို  မိမိနိုင်ငံတွင်အကျိုးရှိရှိအသုံးချနိုင်ဖို့ရန် လိုအပ်ပါသည်။ ယနေ့ခေတ်ပညာတတ်လူငယ်မောင်မယ်များအနေဖြင့်  မိမိလက်အောက်ရှိ မျိုးဆက်သစ် လူငယ်များကို ဦးဆောင်လမ်းပြပေးနိုင်မှသာ  ခေတ်သစ်နိုင်ငံ့ခေါင်းဆောင်ကောင်းလူငယ်မောင်မယ်များ ထွန်းကားလာပြီး အသိပညာ၊ အတတ်ပညာတိုးပွားလာကြွယ်ဝသော အမျိုးသားခေါင်းဆောင်၊ နိုင်ငံ့ ခေါင်းဆောင်၊  တိုင်းပြည်ခေါင်းဆောင်ကောင်းများ ပေါ်ပေါက်လာနိုင်မည်ဖြစ်ပါသည်။

မျင်းမိုရ်ခမ်းပအိုဝ်းမူးပေး

Powered by Blogger.