Thursday, June 2, 2016

ပအိုဝ်းဒေသတစ်ဝန်းလုံး မိုးရာသီသစ်ပင်စိုက်ပျိုးရေးနှင့် မူးယစ်ဆေးဝါးပပျောက်ရေး ညှိနှိုင်းဆွေးနွေးပွဲပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇွန်လ (၃) ရက်




၂၀၁၆ ခုနှစ်၊ ဇွန်လ(၂)ရက်၊ ကြာသပတေးနေ့ တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး (ဒဲဉ်သီးဗွေ) ကွင်းဟော်တန်ခန်းမတွင်  ပအိုဝ်းဒေသတစ်ဝန်းလုံး မိုးရာသီသစ်ပင်စိုက်ပျိုးရေးနှင့် မူးယစ် ဆေးဝါးပပျောက်ရေးညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရှိရပါသည်။
ရှေးဦးစွာ ဆရာတော်၊ သံဃာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး နိုင်ငံတော်သြ၀ါဒါ စရိယ ဇ၀နာပရိယတ္တိစာသင်တိုက် ဆီဆိုင်မြို့နယ် ဆရာတော်ဘဒ္ဒန္တကောဝိဒထံ သြ၀ါဒစကားခံယူခြင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဝန်ကြီး ဒေါက်တာညီညီအောင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထိုသို့ပြောကြားရာတွင် သစ်တောပြုန်းတီးမှုကြောင့် မြေဆီလွှာများခန့်ခြောက်ခြင်း၊ ရာသီဥတု ဖောက်ပြန်ခြင်း၊ မိုးခေါင်ရေရှားပါးခြင်း စသည်များ ကြုံတွေ့ခဲ့ရပြီး သစ်တောပြုန်းတီးမှုများပြားသော နေရာဒေသများတွင် ထိခိုက်မှုများနေသည်ကို တွေ့မြင်နေရပါသည်။  သစ်တော၊ သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းပေးခြင်းဖြင့် ရာသီဥတုဖောက်ပြန်မှုကို ကာကွယ်ပေးခြင်း၊ မြေဆီလွာများအားကောင်း လာနိုင်ခြင်း၊ မြေအောက်ရေ လျှော့နည်းမှုပြဿနာများကို ထိန်းသိမ်းပေးခြင်း၊  မုန်တိုင်းများကို ကာကွယ်ပေးခြင်း စသည့်အကျိုးများ ခံစားရရှိလာနိုင်ပါကြောင်း ပြောကြားသွားပါသည်။
ဆက်လက်၍ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) အတွင်းရေးမှူးချုပ် ဦးခွန်သိန်းဖေမှ သစ်ပင်စိုက်ပျိုး ရေးဆိုင်ရာ ဦးဆောင်ဆွေးနွေးပေးခဲ့ခြင်း၊  ဘဒ္ဒန္တသုဇန အေးစေတီကျောင်းတိုက်၊ ဘဒ္ဒန္တ စန္ဒ၀ရ ပိဋကတ်ပအိုဝ်းဘာသာပြန်ကျောင်း၊ ဘဒ္ဒန္တ သံဝရ လိုင်းကလကျောင်းတိုက် ဆရာတော်တို့မှ သဘာဝ သစ်တောပြန်လည်ထိန်းသိမ်းရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေးနည်းလမ်းများကို အကျယ်တ၀င့် ဆွေးနွေးဟောပြောပေးခဲ့ပါသည်။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟို ဒု-ဥက္ကဌ ဦးခွန်ဝင်းကိုမှ  သဘာဝသစ်တောပြန်လည်ထိန်းသိမ်းရေးဆိုင်ရာ နည်းလမ်းများကိုဆွေးနွေးတင်ပြ ပေးခဲ့သည်။
ဦးခွန်သိန်းဖေမှ ဦးဆောင်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီကို ဖွဲ့စည်းရာတွင် ပြည်နယ်အစိုးရအဖွဲ့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ပါတီ၊ အထူးဒေသ(၆) ဌာနေပြည်သူ့စစ် (PNA)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့(PNLO)၊ ပအိုဝ်းလူငယ်ကွန်ယက် (PYN)၊ နောင်ခမ်းစိုက်ပျိုးရေးအဖွဲ့၊ ပအိုဝ်းအမျိုးသမီးများ(PWO)၊ ကောင်ရွေလူငယ်၊ ဒီမိုအဖွဲ့၊ အရပ်ဖက် လူမှုအဖွဲ့ အစည်းကွန်ယက်၊ NGO၊ INGO အဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဗဟိုအဆင့်၊ မြို့နယ်အဆင့်၊ အုပ်စု/ကျေးရွာအဆင့် စသည့်အဖွဲ့များပါဝင်ဖွဲ့စည်းပေးခဲ့ပြီး ကော်မတီအဖွဲ့ဝင်စုစုပေါင်း (၃၄) ဦး ပါဝင်ကြောင်း သိရှိရပါသည်။



 
ဆရာတော်၊ သံဃာတော်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များသည် မူးယစ်ဆေးဝါးပပျောက်ရေးညှိနှိုင်း ဆွေးနွေးရာတွင်-  မိမိတို့ဒေသ မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် (က)မူးယစ် ဆေးဝါးကင်းစင်ရေး အသိပညာပေးခြင်း၊ (ခ)ဥပဒေဆိုင်ရာအသိပညာပေးခြင်း၊ (ဂ)အရေးယူဆောင် ရွက်ခြင်းလည်းကောင်း၊ ပထမဦးစားပေး ဒုတိယဦးစားပေးလုပ်ငန်းဖြင့် လုပ်ဆောင်သွားကြမည်ဖြစ်ကြောင်း ဆရာတော်များက တင်ပြဆွေးနွေးသည်။   အတွင်းရေးမှူးချုပ် ဦးခွန်သိန်းဖေမှ ဆွေးနွေးချက်မှာ (၇.၆.၂၀၁၆) ရက်နေ့သည် မြို့နယ်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ အားလုံးပူးပေါင်းပါဝင်ပြီး မူးယစ်ဆေးဝါးပပျောက်ရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရန်၊    (၁၀.၆.၂၀၁၆) ရက် နေ့သည် အုပ်စု/ကျေးရွာအဆင့်  မူးယစ်ဆေးဝါးပပျောက်တိုက်ဖျက်ရေးအဖွဲ့ ပြန်လည်ဖွဲ့စည်းရန်၊ (၁၄.၆.၂၀၁၆) ရက်နေ့သည် ကျေးရွာအဆင့် တာဝန်ရှိပုဂ္ဂိုလ်များမှ ပြည်သူများထံသို့ ပြန်လည် ရှင်းလင်းတင်ပြရန်၊ (၁၀.၆.၂၀၁၆ )ရက်နေ့သည် မြို့နယ်၊ ကျေးရွာဒေသရှိ ပြည်သူများထံမှ မူးယစ်ဆေးဝါးအပြစ်ရှိသူများ သွန်သင်ဆုံးမသွားရန်၊ (၈.၇.၂၀၁၆) ရက်နေ့သည် အုပ်စုအဆင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ မူးယစ်ဆေးဝါးအပြစ်ရှိသူများ သွန်သင်ဆုံးမသွားရန်၊ (၁၃.၇.၂၀၁၆) ရက်နေ့မစ၍ တာဝန်ရှိပုဂ္ဂိုလ်များမှ သက်ဆိုင်ရာအစိုးရဌာနအကြီးအကဲများ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့များနှင့် ဆွေးနွေးတိုင်ပင်ပြီး မူးယစ်ဆေးဝါးအပြစ်ရှိသူများကို အရေးယူသွားမည်ဖြစ်ကြောင်း ပြောကြားသွားပါသည်။ ထိုအခန်းအနားများကို ဆရာတော်၊ သံဃာတော်များ၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO) ပါတီကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်၊ အုပ်စု/ကျေးရွာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပအိုဝ်းလူငယ်ကွန်ယက် (PYN)၊ အရပ်ဖက်လှုမှုအဖွဲ့အစည်း ကွန်ယက်၊ ဒီမို၊ ကောင်ရွေလူငယ်၊ ပအိုဝ်းအမျိုးသားလွှတ်မြောက်ရေးအဖွဲ့ (PNLO)၊ အထူးဒေသ(၆) ဌာနေပြည်သူ့စစ် ၊ရှမ်းတိုင်းရင်းသားများ၊ NGO၊ INGO စသည့်အဖွဲ့များ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

နန်းရက်ခမ်းထီ



Powered by Blogger.