Friday, June 10, 2016

လောကဓံတရားများနှင့် ရင်ဆိုင်ကြသည့်အခါ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇွန်လ (၁၀) ရက်


လူတို့စိတ်ထား လူသားတို့သဘောတရားသည် ဘုရားရှင်ဟောကြားခဲ့သော လောကဓံတရား(၈)ပါး တွင် လာဘော-ဆိုသည့်လောကဓံ၏သဘောတရားနှင့် ရင်ဆိုင်ကြတဲ့အခါ စိတ်ကူးတိုင်းရ တောင့်တတိုင်းလာ အရောင်းအ၀ယ်စီးပွားရေးလုပ်ရာတွင် အမြတ်များများရရှိခြင်း၊  ကံစမ်းမဲများပေါက်ခြင်း၊ ချဲထီဆုများ ပေါက်ခြင်း၊ တံစိုးလက်ဆောင်များ ရရှိခြင်း၊ ပစ္စည်းဥစ္စာရတနာ ကြွယ်ဝချမ်းသာခြင်း စသည့်အရာများ ပြည့်စုံတဲ့ ကာလတွင် မိမိကိုယ်ကို အားရကျေနပ်မှုရရှိပြီး မိမိကိုယ်ကို ကံကောင်းသူ ၀မ်းမြောက်ဝမ်းသာ မင်္ဂလာရှိ သောသူဟု ဂုဏ်ယူတတ်ကြပါသော်လည်း၊ အလာဘော-ဆိုသည့် လောကဓံတရားနှင့် ရင်ဆိုင်ကြသည့်အခါ လိုတာမရ၊ ရတာမလို ရှိသမျှဥစ္စာများလဲ အပိုများသာထင်မှတ်ပြီး မိမိကိုယ်ကို မနှစ်သိမ့်နိုင်ပဲ ငိုကြွေးခြင်း ၀မ်းနည်းခြင်း ပူဆွေးခြင်းဖြင့် ကြေကွဲကြ ပူပန်ကြလေသည်။
ယသော-ဆိုသည့်လောကဓံတရားသည် အခြွေအရံများခြင်း၊ တပည့်တပန်းများခြင်း၊ သားသ္မီးမြေးမြစ်တို့နှင့် ပြည့်စုံခြင်း ပျော်ရွှင်ခြင်းတို့ပင်ဖြစ်သည်။ ဒီသဘောတရားတွေနဲ့ ရင်ဆိုင်ကြသည့်အခါ ပြောစရာမရှိ ပြုံးပျော်ကြပါသော်လည်း  အယသော-တရား၏သဘောသည် ကိုယ်ချစ်ရတဲ့သူနဲ့ သေကွဲကွဲရခြင်း၊ ရှင်ကွဲကွဲရခြင်းကြောင့် ပြောမပြတတ်လောက်အောင် အလွန်ပင်ဝမ်းနည်းကြေကွဲရပြီး၊ ကိုယ်မချစ်တဲ့သူနှင့် အတူနေရခြင်း သွားလာလှုပ်ရှားနေရခြင်းကြောင့် ကိုယ်၏ဆင်းရဲခြင်း စိတ်၏ဆင်းရဲခြင်းဝေဒနာတွေ ခံစားကြရလေသည်။
သုခံ-ဆိုသည့် လောကဓံတရား၏သဘောသည် ချမ်းသာသည့် မိဘနှစ်ပါးမှ မွေးဖွားလာခြင်း၊ ညီအကိုမောင်နှမ ဆွေမျိုးအသိုင်းအ၀ိုင်းနှင့်ပြည့်စုံခြင်း၊ အသုံးအဆောင်ပစ္စည်းများကို လိုသလိုခံစားစံစား နိုင်ခြင်း၊ ငွေကိုရေကဲ့သို့ သုံးနိုင်ခြင်းတို့ကြောင့် အမြဲတမ်း ပျော်ပါးနေပါသော်လည်း၊ ဒုက္ခံ- ဆိုသည့်လောကဓံ တရားသည် တည်ငြိမ်အေးချမ်းမှုမရှိသည့် နေရာဒေသတွင်နေထိုင်ရခြင်း၊ မကောင်းသောမိသားစု ဆွေမျိုးအသိုင်းအ၀ိုင်းမှ မွေးဖွားလာခြင်း၊ ရန်သူငါးပါးရှိသောအရပ်ဒေသတွင် လုပ်ကိုင်စားသောက်ရခြင်း ကြောင်း စည်းစိမ် ဥစ္စာရတနာများ ပျက်စီးဆုံးရှုံးခြင်း၊ ညှင်းဆဲနှိပ်စက်ခံရခြင်း၊ ဘ၀လုံခြုံမှုမရှိခြင်း၊ စိုးရိမ်ပူပန်မှု များခြင်းစသည့် ဆင်းရဲသော လောကဓံတရားတို့ကို တွေ့ကြုံရမည်ဖြစ်သည်။
နိသံ-ဆိုသည့် လောကဓံတရားသည် သူတစ်ပါးက မိမိကို ကဲ့ရဲ့ရှုတ်ချခြင်း၊ အသိအမှတ်မပြုခြင်း၊ အလေးမထားအားမပေးခြင်းတို့ကြောင့် စိတ်ဓါတ်ကျခြင်း၊ လုပ်ငန်းများမအောင်မြင်ခြင်း၊ ရည်ရွယ်ချက် များကင်းမဲ့ပြီး ထင်ရာစိုင်းလေသောအခါ ဘ၀ပါဆုံးရှုံးရသည့်အထိဖြစ်သည်။ ပသံသာ- ဆိုသည့်လောကဓံ တရားသည် မိမိ၏လုပ်ရည်ကိုင်ရည်ကြောင့် လူများချီးမြှောက်မှုခံရခြင်း၊ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ မိမိကိုလိုက်ပြီး အားပေးတတ်ခြင်း၊ မိမိ၏လုပ်ငန်းအပေါ်ကိုကြည့်ပြီး လိုက်လျောအားပေးကြခြင်းကြောင့် မိမိကိုယ်ကို ပြန်လည်ဆန်းစစ်သည့်ဥာဏ် မရှိသောသူသည် ဘ၀တွင်အမှားများစွာကို ထွေးပိုက်ပြီး နောင်တသံသရာနှင့်ကျင်လည်ရမည်ဖြစ်သည်။
လူသားတို့သည် နေ့စဉ်နှင့်အမျှ လောကဓံတရား(၈)ပါးနှင့် အမြဲတမ်းရင်ဆိုင်ကြရလေသည်။ ဒီလောကဓံတရား(၈)ပါးတို့နှင့် ရင်ဆိုင်ရတိုင်း ရှောင်လွှဲ၍မရသော တရားပါလားဟု မိမိကိုယ်ကို နှစ်သိမ့် အားပေးရင်း အချိန်ရှိခိုက်လုံ့လစိုက်ဆိုသကဲ့သို့ ဘ၀လမ်းကြောင်းကောင်းအောင် ဖြတ်သန်းကြပါလို့ တင်ပြရင်း လောကဓံတရား၏အကြောင်းကို အဆုံးသတ်လိုက်ရပါတော့သည်။

ခွန်ပန်းစိန်

Powered by Blogger.