Monday, June 27, 2016

မူးယစ်ဆေးဝါးပပျောက်ရေး ပညာပေးဟောပြောပွဲကျင်းပပြုလုပ်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇွန်လ (၂၇) ရက်






၂၀၁၆-ခုနှစ်၊ ဇွန်လ(၂၅)ရက်နေ့ ကျောက်တစ်လုံးကြီးမြို့နယ်ခွဲ ကက္ကူကျေးရွာအုပ်စု ဆောင်းဖိုးရွာ ဘုန်းတော်ကြီးကျောင်းတွင် မြို့နယ်မူးယစ်ဆေးဝါးပပျောက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီမှ ဦးဆောင်ပြီး မူးယစ်ဆေးဝါးပပျောက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
ရှေးဦးစွာ ရတ္တနာ(၃)ပါးကိုကန်တော့၍(၅)ပါးသီလကို ခံယူဆောက်တည်ပြီးနောက် ပအိုဝ်းအမျိုးသားခေါင်းဆောင် အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ၊ ၀ဏ္ဏကျော်ထင် ဦးအောင်ခမ်းထီက အဖွင့်အမှာစကား ပြောကြားရာမှာ- ယခုလို ဒေသခံမိဘပြည်သူများနှင့် တွေ့ဆုံရသည့်အတွက် အလွန်ပင်ဝမ်းမြောက်မိပါကြောင်း၊ ဆောင်းဖိုးရွာသည် တစ်ချိန်တစ်ခါတုံးက တောသူဌေးများနှင့် အာဇာနည်ခေါင်းဆောင်များ ပေါ်ထွန်းခဲ့သလို ယနေ့ခေတ်သည်လည်း ဘွဲ့ရပညာတတ် လူငယ်မောင်မယ်များနှင့် ကျေးရွာအဆောက်အဦးများ စည်ပင်ထွန်းကားလျှက်ရှိပါကြောင်း၊ သို့သော်လည်း ယနေ့ခေတ်သည် မူးယစ်ဆေးဝါး ဆေးပြားအန္တရာယ် ခြိမ်းခြောက်လာခြင်းကြောင့် လူငယ်မောင်မယ်များအတွက် စိုးရိမ်နေရသလို လူကြီးပိုင်းတွေမှာလည်း အထူးစိုးရိမ်နေရပါကြောင်း၊ မူးယစ်ဆေးဝါး ဆေးပြားများသည်  မိမိတို့လူမျိုး မိမိတို့ဒေသအတွက် လူနေမှုဘ၀အဆင့်အတန်းကို ဒုက္ခကောင်းကောင်းပေးသော ရန်သူတစ်မျိုးပင်ဖြစ်၍ လူတိုင်းသိရှိနားလည်းထားရန်လိုအပ်ပြီး မသုံးစွဲမိစေရန်နှင့် ဝေးဝေးရှောင်ကြဉ်ရမည့် ဘေးဆိုးကြီးတစ်ခုဖြစ်ကြောင်း၊ ယနေ့ခေတ် လူငယ်မောင်မယ်များ  မူးယစ်ဆေးဝါးအန္တရာယ်ကို ကျယ်ကျယ်ပြန့်ပြန့် နားလည်နိုင်ရန်အတွက် လူကြီးမိဘများ တာဝန်ပင်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး ကင်းစင်ရေးအတွက် အစိုးရနှင့် လက်တွဲပြီး အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ရမည့် ကိစ္စကြီးတစ်ခုဖြစ်ကြောင်း၊ မိမိတို့ဒေသတွင်း မူးယစ်ဆေးဝါများ ပပျောက်ရေးအတွက် ပထမဦးစွာအနေဖြင့် ကော်မတီအဆင့်ဆင့်မှ တာဝန်ယူဆောင်ရွက်သွားကြတော့မည်ဖြစ်သလို တစ်ဖက်တွင် ဥပဒေနည်းလမ်းဖြင့်လည်း ကိုင်တွယ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးများ ကင်းစင်မှသာလျှင် လူမှုရေးပြဿနာကင်းရှင်း၍ ရပ်ရွာဒေသ စည်ပင်သာယာ ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးကင်းစင်ပြီး ခေတ်ပညာတတ် အနာဂါတ်လူငယ်မောင်မယ်များတွေဟာ ရပ်ရွာကောင်းကျိုး ဒေသကောင်းကျိုး အမျိုး ဘာသာ သာသနာ ကောင်းကျိုးများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး မူးယစ်ဆေးဝါးကင်းစင်ဖို့ရန်အတွက်နှင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများအကြောင်းကို ကျောက်တစ်လုံးကြီးမြို့နယ်ခွဲ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဥက္ကဌ ဦးခွန်ယွန်းမှလည်းကောင်း၊ မူးယစ်ဆေးဝါးပပျောက်ရေး လုပ်ငန်းစဉ်အတွက် လုပ်ဆောင်သွားကြရမည့် နည်းလမ်းများနှင့် မူးယစ်ဆေးဝါး ဆေးပြားများ၏ အန္တရာယ်များအကြောင်းကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဗဟိုအတွင်းရေးမှူး(၄) ဦးခွန်ကိုးမှလည်းကောင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရခြင်းကြောင်း ရရှိလာသောကောင်းကျိုးများ သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးခြင်းကြောင့် ရရှိလာသောဆိုးကျိုးများကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး လေ့ကျင့်ရေးနှင့်ပညာပေးရေး ဌာနမှူးခွန်ဆောင်းရွှေမှ လည်းကောင်း၊ မူးယစ်ဆေးဝါးဆေးပြားများကို ရောင်းဝယ် သုံးစွဲခြင်းကြောင့် ဘ၀ပျက်စီးသူများနှင့် ဒုက္ခခံစားနေရသူများအကြောင်းကို ကျောက်တစ်လုံးကြီးမြို့နယ်ခွဲ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) အတွင်းရေးမှူး ဦးခွန်မောင်ဗုတ် မှလည်းကောင်း၊ အထွေထွေကဏ္ဍကို ဆောင်းဖိုးရွာ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုဥက္ကဌ ဦးခွန်ကီးတို့မှ အကျယ်တ၀င့် ဆွေးနွေးဟောပြောပေးခဲ့ကြောင်း သတင်းရရှိသည်။

ခွန်အောင်ထွိုက်ဗွေ

Powered by Blogger.