Wednesday, June 22, 2016

မူးယစ်ဆေးဝါးပပျောက်ရေးနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဟောပြောပွဲ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇွန်လ (၂၃) ရက်




၂၀၁၆ ခုနှစ်၊ ဇွန်လ(၂၂)ရက်၊ ဗုဒ္ဓဟူးနေ့၊ မနက်(၁၀)နာရီအချိန်တွင် ကျောက်တလုံးကြီးမြို့နယ်၊ နောင်ဟဲင်းကြီးကျေးရွာ၊ နောင်ဟဲင်းကြီးဘုန်းတော်ကြီးကျောင်းတွင် အမျိုးသားလွတ်တော် ဖြားခွန်သိန်းဖေ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် အတွင်းရေးမှုး(၃) ဖြားခွန်တင်ထွဋ်တို့မှ မူးယစ်ဆေးဝါးပပျောက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများကို ဒေသခံ ပြည်သူများအား ဟောပြောခဲ့ပါသည်။
ရှေးဦးစွာ ဧည့်ပရိသတ်များက နောင်ဟဲင်းကြီးဘုန်းတော်ကြီးကျောင်းဆရာတော်ထံ သရဏဂုဏ်သုံးပါးနှင့်တကွ ငါးပါးသီလခံယူကာ ကျောက်တလုံးကြီးမြို့နယ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ပါတီဥက္ကဋ္ဌ ဖြားခွန်ယွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက် အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေမှ မူးယစ်ဆေးဝါးပပျောက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများကို ဟောပြောခဲ့ပါသည်။
ဟောပြောချက်များမှာ - ပအိုဝ်းဒေသတွင်း ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့် ဖွံ့ဖြိုးမှုများ တိုးတက်လာပြီဖြစ်ပါကြောင်း၊ ထိုသို့ တိုးတက်လာခြင်းမှာ ဆရာတကာ ညီညီညွတ်ညွတ် ကြိုးစားလုပ်ဆောင်မှုကြောင့်သာဖြစ်ကြောင်း၊ သို့သော် ယခု ပအိုဝ်းဒေသတွင် မူးယစ်ဆေးဝါးဆိုသည့် အန္တရာယ်ကြီးတစ်ခု ကျရောက်နေပြီဖြစ်သည့်အတွက် အချိန်မှီ မတားဆီးလျှင် မျိုးဆက်သစ်လူငယ်များ၏ အနာဂတ်မှာ မတွေးဝံ့စရာဖြစ်နေပြီဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးကြောင့် လူမှုရေးပြဿနာများ နေရာအတော်များများ ဖြစ်ပွားနေပြီဖြစ်ဖြစ်သည့်အတွက် ပအိုဝ်းဒေသတွင်း အိမ်တိုင်း၊ ရွာတိုင်း၊ ကျေးရွာအုပ်စုတိုင်း၊ မြို့နယ်တိုင်းတွင် တာဝန်အသီးသီးရှိပြီး ပြည်သူမှ ပြည်သူသို့ ထိန်းချုပ်ရေးစနစ်ထားရှိကာ မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းများ အဆင့်ဆင့် လုပ်ဆောင်သွားရမည်ဖြစ်ပါကြောင်း၊ အရင်ဦးဆုံးအနေဖြင့် စားသုံးသူနှင့်ဖြန့်ဝေရောင်းချသူများ ပပျောက်အောင် လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊
မူးယစ်ဆေးဝါးအမျိုးအစားတခုဖြစ်သည့် ယာမ (ခေါ်)ယာဘကိစ္စသည် တစ်ရွာ၊ တစ်ဒေသပြဿနာမဟုတ်ပဲ မိမိလူမျိုးတစ်ခုလုံး၏ ကြီးမားသောအန္တရာယ်ကြီးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပါကြောင်း စသည့်အကြောင်းအရာများနှင့် သစ်ပင်စိုက်ပျိုးခြင်းစသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အကြောင်းအရာများကိုလည်း ဒေသခံပြည်သူလူထုများအား ပြောကြားခဲ့ပါသည်။
ထို့နောက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်အတွင်းရေးမှုး(၃) ဖြားခွန်တင်ထွဋ်၊ အွိုင်းပင်တွန်း နာယက ဖြားနေးထွဉ်းတို့မှ မူးယစ်ဆေးဝါးပပျောက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အကြောင်းအရာများကိုလည်း ဟောပြောဆွေးနွေးခဲ့ပါသည်။
ဟောပြောပွဲအခမ်းအနားမှာ နေ့လည် (၁၂-၄၅)မိနစ်အချိန်တွင် ပြီးဆုံးကာ အခမ်းအနားသို့ နောင်ဟဲင်းကြီးကျေး၇ွာနှင့်အနီးတ၀ိုက် ရွာပေါင်း (၂၅)ရွာမှ ပြည်သူလူထု (၃၀၀)ကျော်တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

ခွန်ဓဇ

Powered by Blogger.