Sunday, July 24, 2016

ငရုပ်သီးစိုက်တောင်သူ၊ ကုန်စည်ဒိုင်နှင့် ဈေးကွက်အကြောင်းတွေ့ဆုံဆွေးနွေးခြင်း

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်



၂၀၁၆-ခုနှစ်၊ ဇူလှိုင်လ(၂၃) ရက်နေ့တွင် ကမ္ဘာ့အလုပ်သမားအဖွဲ့ (ILO)မှ Mr.Jonatan BIRD တို့အဖွဲ့နှင့် ပါရမီဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့သည် ရှမ်းပြည်နယ်တောင်ပိုင်းရှိ၊ ကလောမြို့နယ်၊ နန်းတိုင်းကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာရှိ ငရုပ်သီးစိုက် တောင်သူများနှင့် သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ ILO အဖွဲ့အစည်းသည် ဖွံ့ဖြိုးရေးကဏ္ဍမြောက်များစွာ ပြုလုပ်သော ကုလသမဂ္ဂ အဖွဲ့တစ်ဖွဲ့ဖြစ်ပါသည်။ ယခုအကြိမ်တွင် ငရုပ်သီးနှင့် ပတ်သက်ပြီး သုတေသနများ ပြုလုပ်သော စိုက်ပျိုးရေးဆိုင်ရာကဏ္ဍတစ်ခု အပါအ၀င်ဖြစ်ပါသည်။ သုတေသနပြုလုပ်ရာတွင် ကနဦးအနေဖြင့် ငရုပ်သီးစိုက်သည့် အဆင့်မှစပြီး စားသုံးသူများထံသို့ရောက်သည်အထိ သက်ဆိုင်ရာကွင်းဆက်နှင့် သက်ဆိုင်သူများကို မေးမြန်းခြင်း ပြုလုပ်ခဲ့ပါသည်။
အဆိုပါငရုပ်သီးစိုက်တောင်သူများနှင့် တွေ့ဆုံကာ ငရုပ်သီးစိုက်တောင်သူများထံမှ ငရုပ်သီးမျိုးစေ့ရရှိမှု၊ စိုက်ပျိုးသည့် မျိုးစေ့အမျိုးအစား၊ သုံးစွဲသည့် သဘာဝဓာတ်မြေသြဇာ၊ သုံးစွဲသည့် ဓါတုဓာတ်မြေသြဇာ အမျိုးအစားနှင့် ၀ယ်ယူရရှိသည့် နေရာများ၊ ပိုးသတ်ဆေးသုံးစွဲမှုနှင့် အမျိုးအစားများ၊ ကြုံတွေ့ရသော ငရုပ်သီး ရောဂါအမျိုးအစားများနှင့် ပိုးသတ်ဆေးသုံးစွဲပုံသုံးစွဲနည်း အသိပညာများ ရရှိခြင်းအခြေအနေများ၊ စိုက်ပျိုးသည့် ဧကပေါင်းအခြေအနေ၊ စိုက်ပျိုးချိန်နှင့် ရိတ်သိမ်းချိန်များ၊ ဈေးကွက်တွင် တင်ပို့သည့် အခြေအနေများနှင့် ငရုပ်သီးဈေးနှုန်းအခြေအနေများ၊ ငရုပ်သီးစိုက်တောင်သူများမှ ငရုပ်သီးအဖွဲ့အစည်းများ ဖွဲ့စည်းထားခြင်း အခြေအနေနှင့် ငရုပ်သီးများကို အခြောက်သာမက အမှုန့်ကြိတ်ပြီး တင်ပို့ရောင်းချမှုအခြေအနေများကို သွားရောက်မေးမြန်း တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထို့နောက် အောင်ပန်းမြို့ရှိ ငရုပ်သီးကုန်စည်ဒိုင်မှ တာဝန်ရှိသူများထံသို့ သွားရောက်တွေ့ဆုံကာ မည်သည့်ဒေသတွင် ငရုပ်သီးအများဆုံးထွက်ရှိမှု အခြေအနေ၊ ငရုပ်သီးများကို တောင်သူများမှ ကုန်စည်ဒိုင်ထံသို့ လာရောက်ရောင်းချခြင်း (သို့မဟုတ်) ကုန်စည်ဒိုင်မှ တောင်သူထံသို့ သွားရောက် ၀ယ်ယူခြင်း အခြေအနေများ၊ ကုန်စည်များထံမှ ၀ယ်ယူခဲ့သောဈေးနှုန်းအခြေအနေများ၊ စားသုံးသူများထံသို့ ရောင်းချသောဈေးနှုန်းများ၊ နှစ်စဉ်နှစ်တိုင်း ငရုပ်သီးဈေးနှုန်း အတက်အကျအခြေအနေများ၊ ငရုပ်သီးများကို ကုန်စည်ဒိုင်မှတစ်ဆင့် အခြား မည်သည့်ဒေသသို့ ပို့ဆောင်သည့်အခြေအနေ၊ တင်ပို့သည့် ပမာဏများ၊ တင်ပို့ခဲ့သည့် ငရုပ်သီး အရည်အသွေးနှင့် နေရာဒေသများ၊ မြေပြန့်ဒေသနှင့် တောင်ပေါ်ဒေသများ ငရုပ်သီးထွက်ရှိမှုနှင့် ဈေးနှုန်း ကွာဟမှု အခြေအနေများ၊ ငရုပ်သီးအရည်အသွေးနှင့် စားသုံးသူများအခြေအနေ စသည်တို့ကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။
၎င်းအပြင် အောင်ပန်းမြို့ရှိ စိုက်ပျိုးရေးသုံးပစ္စည်းရောင်းချသည့်ဆိုင်သို့ သွားရောက်ကာ ဆိုင်ရှင်နှင့် ပစ္စည်းအရောင်း ကိုယ်စားလှယ်များနှင့် တွေ့ဆုံကာ ငရုပ်သီးမျိုးစေ့တင်သွင်းမှုနှင့် ဖျန့်ဝေမှုအခြေအနေများ၊ ငရုပ်သီးစိုက်တောင်သူမှ စိုက်ပျိုးမှုအများဆုံးသော ငရုပ်သီးအမျိုးအစားများ၊ တောင်သူများမှ ဖျန်းဆေး သုံးစွဲမှုအများဆုံး ဆေးအမျိုးအစားများနှင့် မြေသြဇာအမျိုးအစားများ စသည့်အခြေအနေများကို တွေ့ဆုံ ဆွေးနွေးမေးမြန်းခဲ့ပါသည်။
ILO အဖွဲ့မှ Mr.Jonatan BIRD သည် ငရုပ်သီးနှင့် ပတ်သက်သော အချက်အလက်များရရှိသောအခါတွင် ၎င်းရလဒ်အပေါ် မူတည်၍ နောင်အခါတွင် ငရုပ်သီးကွင်းဆက်တစ်ခုလုံးအတွက် ၎င်းအဖွဲ့မှ ဆိုင်ရာကဏ္ဍအနေဖြင့် ကူညီနိုင်ရန် အစီအစဉ် ရေးဆွဲမည်ဟု ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

ခွန်မွူးရောင်;

Powered by Blogger.