Wednesday, August 31, 2016

အမျိုးသားနိုင်ငံရေးအတွက် ပအိုဝ်းလူငယ်များအလုပ်ကြိုးစားကြမှသာ

တောင်ကြီး ၊၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၃၁) ရက်



ကမ္ဘာပေါ်ရှိနိုင်ငံအသီးသီးတွင် နေထိုင်ကြသောလူမျိုးတိုင်းသည် မိမိတို့၏ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းကာကွယ်ကြပြီး ပိုမိုတိုးတက်အောင်လည်းပြုလုပ်လာကြသည်။ လူမျိုးတိုင်း သည် မိမိတို့၏ယဉ်ကျေးမှု၊ ဓလေ့၊ ထုံးစံများကို ကမ္ဘာ့နိုင်ငံရှိလူမျိုးအသီးသီးများ ပိုမိုသိရှိလာအောင် လုပ်ဆောင်ကြပြီး လွမ်းမိုးနိုင်အောင်လည်းကြိုးစားလာကြသည်။ ထို့ပြင် တိုးတက်နေသောခေတ်ရေစီးကြောင်း များနှင့်အညီ လူမျိုးတိုင်းသည်  မိမိတို့၏နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးတို့တွင် တိုးချဲ့ လုပ်ဆောင် လာကြသည့်အပြင် မိမိလူမျိုးတို့၏နယ်ပယ်များကို ပိုမိုကျယ်ပြန့်လာအောင် လုပ်ဆောင်လာကြသည်။
လူမျိုးတိုင်းသည် မိမိလူမျိုးတို့၏နယ်ပယ်များကို တိုးချဲ့လာသောကြောင့် ယခင်ကမြန်မာနိုင်ငံသည် များသောအားဖြင့် တိုင်းရင်းသားလူမျိုး(၁၃၅)မျိုးသာရှိကြပြီး တိုင်းရင်းသားမဟုတ်သော မြန်မာနိုင်ငံသားများ သည် အနည်းငယ်သာရှိသော်လည်း ယခုအခါတွင်တိုင်းရင်းသားမဟုတ်သောနိုင်ငံသား(နိုင်ငံခြားသား) များ သည် စီးပွားရေး၊ လူမှုရေး၊ ပညာရေး ၊အိမ်ထောင်ရေးစသည်ဖြင့် မြန်မာနိုင်ငံအတွင်းသို့ နည်းလမ်းအမျိုးမျိုးဖြင့် ၀င်ရောက် နေရာယူကြပြီး မိမိလူမျိုးတို့၏နယ်ပယ်များကို တိုးချဲ့လုပ်ဆောင်လာကြသည်။ အဓိကအားဖြင့် စီးပွားရေးနှင့် အိမ်ထောင်ရေးများကို အခြေခံကာ လုပ်ဆောင်လာကြသည်ကို တွေ့ရသည်။
ထို့အတူ ယခင်ကပအိုဝ်းဒေသများတွင် များသောအားဖြင့် ပအိုဝ်းလူမျိုးများဖြစ်ကြပြီးနိုင်ငံခြားသားများသည် မရှိသလောက်နည်းပါးသည့်အပြင် အခြားမြန်မာနိုင်ငံတိုင်းရင်းသားများသည်လည်း အနည်းငယ်သာ ရှိကြသည်။ ဥပမာ- တောင်ကြီးမြို့သည် ယခင်ကပအိုဝ်းရွာများဖြစ်ခဲ့သော်လည်း ယခုအခါတောင်ကြီးမြို့တွင် ပအိုဝ်းလူမျိုးများသည် အခြားသောလူမျိုးများထက်နည်းပါးလာသည်ကို တစ်နေ့တစ်ခြားမြင်တွေ့လာရသည်။ စာရေးသူအနေဖြင့် တောင်ကြီးမြို့တစ်ခုကိုသာဥပမာပြခြင်းသာဖြစ်ပြီး အခြားသောပအိုဝ်းဒေသများတွင်လည်း ၄င်းနည်း ဖြစ်ပွားလျက်ရှိပါသည်။ စာရေးသူအနေဖြင့်ဒေသအသီးသီးရှိ ပအိုဝ်းလူမျိုးတို့သည် မိမိတို့၏ ဒေသအခြေအနေများကို ပြန်လည်သတိရစေလိုခြင်းသာဖြစ်သည်။
စာရေးသူအနေဖြင့် သတိထားမိသည်မှာ အခြားသောလူမျိုးတို့သည် မိမိတို့ပအိုဝ်းဒေသတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည်ဖြင့် အခြေကုတ်ရယူရန်ကြိုးစားနေကြသည်ကို တွေ့နေရသော်လည်း မိမိတို့ပအိုဝ်း လူမျိုးတို့သည် သတိထားမှုမရှိဘဲအိပ်ပျော်နေကြသည်ကိုတွေ့ရပါသည်။ အထူးသဖြင့် အချို့သောမိမိတို့ပအိုဝ်း လူငယ်များနှင့်လူလတ်ပိုင်းများသည် အရွယ်ကောင်းချိန်တွင် မိသားစုနှင့်လူမျိုးအတွက် တက်တက်ကြွကြွ လုပ်ဆောင်ရန်လိုအပ်သည့်အချိန်တွင် မူးယစ်၊ သောက်စား၊ ပျော်ပါးနေကြပြီး အကျိုးရှိသောအချိန်များကို ဖြုန်းတီးနေကြသည်ကို တွေ့ရသည်။
ထိုသို့အကျိုးရှိသောအချိန်များကို ပအိုဝ်းလူငယ်များဖြုန်းတီးနေချိန်တွင်  သူများသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဘက်ဘက်တို့တွင်ကြိုးစားနေပြီး ပအိုဝ်းဒေသရှိ အရင်းအမြစ် (စီးပွားရေးလုပ်ကွက်၊ မြေကွက်----)စသည်တို့ကို ရရှိပိုင်ဆိုင်နိုင်ရန်ကြိုးစားနေကြသည်။ ထိုသို့်သူများသည် အလုပ်များနှင့်နယ်ပယ်များ ကြိုးစားချဲ့ထွင်နေချိန်တွင် မိမိတို့ပအိုဝ်းလူမျိုးများသည် ပျော်ပါးမှုများကိုလိုက်စားနေကြပြီး ငွေကြေးများ လိုအပ်သောအခါ မိမိတို့ပိုင်ဆိုင်သောအရင်းအမြစ်များ(မြေကွက်၊----)တို့ကိုရောင်းချကြသည်ကိုတွေ့ရသည်။
ထို့နောက် အခြားလူမျိုးများသည် မိမိတို့ပအိုဝ်းဒေသရှိ အရင်းအမြစ်များရရှိလာပြီးထိုအခွင့်အရေး များကို အကောင်းဆုံးအသုံးချလာကာ မိမိတို့ပအိုဝ်းဒေသများကို လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးစသည်တို့ဖြစ် လွှမ်းမိုး လာနိုင်အောင်ကြိုးစားလာကြသည်။ ထို့သိုလွှမ်းမိုးလာနိုင်သည်နှင့်အမျှ မိမိတို့ပအိုဝ်းအမျိုးသမီးများကို ပစ်မှတ် ထားလာကြပြီး လူဦးရေးတိုးပွားလာအောင်ကြိုးစားလာသည်။ အခြားလူမျိုးများအလုပ်ကြိုးစားချိန်တွင် အချို့သောမိမိတို့ပအိုဝ်းလူငယ်များသည် လုပ်ငန်းများကိုကြိုးစားအားထုတ်မှုမပြုဘဲ ပျော်ပါးမှုများကိုသာ လိုက်စားနေကြသောကြောင့် အချို့သောပအိုဝ်းအမျိုးသမီးများနှင့် ၎င်းတို့၏မိဘများသည် လူမှုဘ၀ရှေ့ရေးကို မျှော်တွေးပြီး ပအိုဝ်းလူငယ်များကို အိမ်ထောင်ဖက်အဖြစ်ရွေးချယ်ချင်သော်လည်း ပအိုဝ်းလူငယ်များသည် အားကိုးနိုင်ရန်အလား အလာနည်းပါးသောကြောင့် အခြားသောလူမျိုးတို့၏ အိမ်ထောင်ရေးလက်ထဲသို့ ရောက်ရှိသွားကုန်ကြသည်။
ထိုသို့ ပအိုဝ်းအမျိုးသမီးများနှင့်လူမျိုးခြားအမျိုးသားများမှ မွေးဖွားလာသော၎င်းတို့၏ မျိုးဆက်သစ် ရင်သွေးငယ်များသည် မြန်မာနိုင်ငံ၏ဥပဒေအရသော်လည်းကောင်း၊ အလားအလာအရသော်လည်းကောင်း ပအိုဝ်းလူမျိုးပြန်ဖြစ်ရန်လွန်စွာခက်ခဲပါသည်။  မိမိတို့ပအိုဝ်းဒေသအတွင်းသို့ လူမျိုးခြား၊ ဘာသာခြားများ အများ အပြားရောက်ရှိနေရာယူနိုင်ပါက  မိမိတို့လူမျိုးများသည် လူဦးရေအရသော်လည်းကောင်း၊ နယ်ပယ်အရ သော် လည်းကောင်းကျဉ်းမြောင်းလာနိုင်သည်။ ထိုသို့မိမိတို့လူမျိုးများသည် လူဦးရေနှင့်နယ်ပယ်များကျဉ်းမြောင်း လာပါက ခေတ်အဆက်ဆက်က ပအိုဝ်းအမျိုးသားခေါင်းဆောင်များနှင့်ပအိုဝ်းအမျိုးသားထုများ ရယူကြိုးပမ်း နေသောပန်းတိုင်သည် ပိုအလှမ်းဝေးသွားနိုင်သည်။
ထို့ကြောင့် ပအိုဝ်းအမျိုးသားများလိုလားတောင်းတနေသော ပန်းတိုင်သို့ရောက်ရှိနိုင်ရန် ပအိုဝ်းအမျိုး သားထုများသည် မိမိတို့ဒေသ၊ မိမိတို့နယ်မြေများကို ကာကွယ်ထိန်းသိမ်းနိုင်ရန်လိုအပ်ပါသည်။ ထိုသို့ကာကွယ် ထိန်းသိမ်းနိုင်ရန်အတွက် ပအိုဝ်းလူငယ်များသည် စည်းလုံးညီညွတ်မှု၊ ပညာများကိုကောင်းစွာလေ့လာ ဆည်းပူးထားမှု၊ အလုပ်များကိုကြိုးစားလုပ်ကိုင်မှုနှင့် အပျော်အပါးလိုက်စားမှုမရှိဘဲ ပအိုဝ်းအမျိုးသမီးများ အားကိုးနိုင်လောက်သောပအိုဝ်းအမျိုးသားကောင်းများ ဖြစ်ရန်လိုအပ်ကြောင်းတင်ပြအပ်ပါသည်။

ခွန်လာထို (ကောင်ရွဉ်)
Powered by Blogger.