Tuesday, August 9, 2016

အွန်လိုင်းမီဒီယာ နှင့် ယနေ့လူငယ်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၁၀) ရက်


ယနေ့ခေတ်တွင် နည်းပညာတိုးတက်လာသည်နှင့်အမျှ ကမ္ဘာကြီးသည် ရွာကြီးသဖွယ် ဖြစ်လာပြီး ဆက်သွယ်ရေးကဏ္ဍတွင်လည်း နည်းမျိုးစုံ၊ ပုံစံမျိုးစုံဖြင့် ဆက်သွယ်ချိတ်ဆက်လာကြသည်။ ယခုအချိန်တွင် ဒေသတစ်ခုနှင့်တစ်ခု၊ တစ်မြို့နှင့်တစ်မြို့၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ အလွယ်တကူ ဆက်သွယ်နိုင်ရန် အွန်လိုင်းမီဒီယာကို အဓိက အသုံးပြု၍ ဆက်သွယ်လာကြသည်။ အရွယ်ရောက်ပြီး သူတိုင်း ယောက်ျား၊ မိန်းမ ၊ ကလေး၊ လူကြီး မရွေး မိုဘိုင်းဖုန်းကိုယ်စီဖြင့် အင်တာနက်အသုံးပြုကြသည်ကို အားလုံးအသိပင် ဖြစ်သည်။ အင်တာနက် အသုံးပြုရာတွင် Facebook, Google, Page, Twitter, Gmail, Email, Viber, Skype စသဖြင့် အမျိုးမျိုး အသုံးပြုကြပြီး မြန်မာနိုင်ငံရှိ လူငယ်များအနေဖြင့် Facebook နှင့် Viber ကိုသာ လွယ်ကူစွာ အသုံးပြုနိုင်သည့်အတွက်ကြောင့် ပိုမို၍ အသုံးပြုကြသည်ကို တွေ့ရှိရပါသည်။
သို့သော် စာရေးသူအနေဖြင့် တွေ့မြင်နေရသည်မှာ နည်းပညာတိုးတက်လာပြီး မိုဘိုင်း အင်တာနက် အသုံးပြုမှုများ မြှင့်တက်လာခြင်းသည် အင်မတန် ကောင်းမွန်သည်ဟု ထောက်ခံ ပြောဆိုနိုင်သော်လည်း မိုဘိုင်းအင်တာနက်ကို မိမိအတွက် အကျိုးရှိစွာ အသုံးပြုမှုများ အင်မတန်မှ နည်းပါး သည်ကို တွေ့မြင်ရပါသည်။ အင်တာနက်စာမျက်နှာတွင် မြောက်များစွာသော စာအုပ်၊ မြောက်များစွာသော ဗဟုသုတ၊ မြောက်များစွာသော အလုပ်အကိုင်အခွင့်အလမ်းများ များစွာ ရှိသည်။ သို့သော်လည်း အင်တာနက်သုံး ယနေ့လူငယ်သည် အင်တာနက်စာမျက်နှာတွင် ထိုကဲ့သို့သော တန်ဖိုးဖြတ်၍ မရ နိုင်သည့်အရာများ ရှိသည်ကို သိရှိပုံမပေါ်ပေ။ အင်တာနက်အသုံးပြုရာတွင် တစ်ဦးနှင့်တစ်ဦး ရည်ရွယ်ချက်မတူ ပုံစံအမျိုးမျိုးဖြင့် အသုံးပြုကြသော်လည်း မိမိအတွက် အကျိုးရှိစွာ အသုံးပြုမှုမှာ အင်မတန် နည်းပါးသည်ကို စာရေးသူမှ နေ့စဉ်နှင့်အမျှ တွေ့မြင်ရပါသည်။
တစ်ချို့တွင် အင်တာနက်ကို လုပ်ငန်းအတွက် အသုံးပြုကြသည်။ တစ်ချို့တွင် ဝေးကွာနေသော မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းများနှင့် အဆက်အသွယ် မပြတ်လပ်စေရန် အသုံးပြုကြသည်။ တစ်ချို့တွင် ယနေ့ကမ္ဘာကြီး ဖြစ်ပျက်နေသည်များကို အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်ရန် အသုံးပြုကြသည်။ တစ်ချို့တွင်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ရှာဖွေနိုင်ရန်အတွက် အသုံးပြုကြသည်။ တစ်ချို့တွင် လည်း ဓါတ်ပုံတင်ခြင်း၊ Status တင်ခြင်းနှင့် အခြားသူများမှ တင်လာသော ဓါတ်ပုံများ၊ Status များကို Like ပေးခြင်း၊ Comment ပေးခြင်းနှင့် Share လုပ်ခြင်းဖြင့် အပျင်းပြေ အသုံးပြုကြသည်။
အင်တာနက်ကို မှန်ကန်စွာ အသုံးပြုနိုင်ပါက မိမိအတွက် အင်မတန် အကျိုးရှိမည်ဖြစ်ပြီး အင်တာနက်စာမျက်နှာတွင် ပညာသင်ယူနိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းရယူနိုင်ခြင်း၊ ငွေကုန် ကြေးကျနည်းပြီး အချိန်နှင့်တစ်ပြေးညီ နေ့စဉ်နှင့်အမျှ ကမ္ဘာ့အဖြစ်အပျက်များကို သိရှိနိုင်ပြီး ကျရောက်လာနိုင်မည့် အန္တရာယ်များကို အချိန်မှီ ပြင်ဆင်ကာကွယ်မှုများ ပြုလုပ်နိုင်ခြင်း၊ ဒေသတစ်ခုနှင့် တစ်ခု၊ တစ်မြို့နှင့်တစ်မြို့၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ မိတ်ဆွေသူငယ်ချင်းများ မိတ်ဖွဲ့နိုင်ခြင်း စသဖြင့် အင်တာနက်ကို မှန်ကန်စွာ အသုံးပြုပါက အင်တာနက်မှပေးသော အကျိုးကျေးဇူးများ၊ အသီးအပွင့်များကို ခံစားစံစားကြရမည် ဖြစ်သည်။ ဥပမာအနေဖြင့် အင်တာနက်အသုံးပြုခြင်းကြောင့် အီဘိုလာဗိုင်းလ်ရပ် ရောဂါပြန့်နှံ့မှုကို အချိန်မီ သိရှိနိုင်ခဲ့ပြီး ကာကွယ်မှုများကို မည်ကဲ့သို့ ကြိုတင်ပြင်ဆင်ထားရမည်ကို သိရှိနိုင်ခဲ့မည်။ ရေကြီးမည်၊ မိုးကြီးမည်၊ မုန်တိုင်းဝင်မည်၊ ငလျင်လုပ်မည် စသဖြင့် အင်တာနက်အသုံးပြုခြင်းဖြင့် အချိန်နှင့် တပြေးညီ သိရှိနိုင်မည် ဖြစ်ခဲ့သည်။
သို့သော် ကောင်းကျိုးများ ရှိနေသကဲ့သို့ ဆိုးကျိုးများလည်း ဒွန်တွဲလျက် ရှိနေသည်က သဘာဝပင် ဖြစ်သည်။ ထိုကဲ့သို့ ကောင်းကျိုးများစွာ ရှိသော အင်တာနက်ကို မှန်ကန်စွာ အသုံးမပြုပဲ ဆိုးကျိုးများသည့် ဦးတည်ရာဘက်သို့ အသုံးပြုကြသည်က များသည်။ တစ်ချို့သော လူငယ်များသည် အင်တာနက်၏ ဆိုးကျိုးများကို လုံးဝမသိရှိဘဲ အသုံးပြုကြသည်များလည်း များစွာ ရှိသည်။ လူငယ်များသည် အင်တာနက်ကို အသုံးပြုရလွယ်ကူသော Facebook ကို အများဆုံး အသုံးပြုကြပြီး နေ့ရောညပါ ငွေကုန်းကြေးကျ အသုံးပြုကြသော်လည်း ၎င်းတို့အတွက် အကျိုးမရှိလှပါ။ ဓါတ်ပုံတင်ခြင်း၊ Status တင်ခြင်း၊ Like လုပ်ခြင်း၊ Comment ရေးခြင်း နှင့် Share လုပ်ခြင်းဖြင့်သာ အချိန်ကုန်ကြသည်။ Facebook တွင် မတင်သင့်သည့် အကြောင်းအရာများကိုလည်း သိရှိကြပုံမပေါ်ပေ။ အချို့သော လူငယ်များသည် Facebook အသုံးပြုခြင်းမှတစ်ဆင့် လူကုန်ကူး ခံရသည်များကိုလည်း စာဖတ်သူပရိတ်သတ်များ အားလုံးအသိပင် ဖြစ်သည်။ တဖန် လူငယ်များမှ အင်တာနက်ကို လွှဲမှားစွာ အသုံးပြုမှုတစ်ခုဖြစ်သော Facebook ပေါ်တွင် ခင်မင်ချစ်ကြိုက်ကြပြီး အပြင်တွင် ချိန်းတွေ့ကြကာ မလိုလားအပ်သော နောက်ဆက်တွဲပြဿနာများဖြစ်သည့် ကာမလိမ်လည် ရယူပြီး ကိုယ်ဝန်ရရှိခြင်းများ၊ ငွေကြေးလိမ်လည် ရယူခြင်းများနှင့် နောက်ဆုံးတွင် အသက်အန္တရာယ်ပါ ဖြစ်ပွားရသည်အထိ Facebook အသုံးပြုခြင်း၏ ဆိုးကျိုးများကို ဆိုးရွားစွာ တွေ့မြင်ရလျက် ရှိပါသည်။ Facebook တွင် ခင်မင်ကြပြီး တစ်ချို့သော လူငယ်များသည် မိန်းကလေးများကို ခြိမ်းခြောက်ပြီး ငွေကြေးရယူခြင်း၊  ဂုဏ်သိက္ခာ ကျဆင်းစေရန် အလို့ငှာ Facebook စာမျက်နှာပေါ်တွင် အဆိုပါ မိန်းကလေးများ၏ ဓါတ်ပုံများကို Sex Page တွင် ဖော်ပြခြင်း စသည်တို့ကိုလည်း တွေ့မြင်ရလျက် ရှိပါ သည်။
တစ်ချို့တွင်လည်း Facebook တွင် အကောင့်အတု၊ နာမည်အတု ပြုလုပ်ပြီး ၀ါဒဖြန့်ခြင်း၊ အချင်းချင်း ပဋိပက္ခများ ဖြစ်ပွားအောင် ရန်တိုက်ပေးခြင်းများသာ ဦးတည်၍ အသုံးပြုကြသည်။ လွန်ခဲ့သည့် သြဂုတ်လ ပထမပတ်တွင် Facebook စာမျက်နှာပေါ်၌ Shan News ဟူသော အကောင့်နာမည်ဖြင့် လူမျိုးတစ်မျိုးနှင့်တစ်မျိုး ချစ်ကြည်ရင်းနှီးမှု ပျက်ပြားစေသော ကာတွန်းပုံတစ်ပုံ တင်လာခဲ့သည်ကို တွေ့ရှိခဲ့ရပါသည်။ ဤသည်များသည် Facebook ကို အကောင့်နာမည်အတုဖြင့် လူမျိုးတစ်မျိုးနှင့်တစ်မျိုး ချစ်ကြည်ရင်းနှီးမှု ပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ၀ါဒဖြန့် ရန်တိုက်ပေးပြီး နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပေါ်လာစေရန် တမင်တကာ ကြံရွယ်ခဲ့ခြင်းသာ ဖြစ်ပါသည်။

စာရေးသူအနေဖြင့် အကြံပေးလိုသည်မှာ ဖွံ့ဖြိုးတိုးတက်လာသော ယနေ့ နည်းပညာခေတ်တွင် လူငယ်များသည် အင်တာနက်၏ သားကောင်များ မဖြစ်စေရန် အထူးသတိပြုရန် လိုသည်။ လူငယ်များသည် ထိလွယ်၊ ခိုက်လွယ်၊ ရှလွယ် သောကြောင့် Facebook အသုံးပြုရာတွင် ထိန်းထိန်း သိမ်းသိမ်း ရှိရန်လိုအပ်ပါသည်။ ဖွံ့ဖြိုးပြီးသော နိုင်ငံများတွင် Online စနစ်ဖြင့် အလုပ်လုပ်ကိုင်နေပြီ ဖြစ်သည့် အချိန်တွင် မိမိတို့ နိုင်ငံတွင် ၀ါဒဖြန့်ရန်တိုက်ပေးသည့် အနေအထားမျိုးတွင် မဖြစ်သင့်တော့ပေ။ အင်တာနက်ကို ငွေကုန်ကြေးကျခံပြီး အသုံးပြုပြီဆိုပါက မိမိအတွက် မည်ကဲ့သို့ အကျိုးရှိသည်၊ မည့်ကဲ့သို့ ဆိုးကျိုးရှိမည် ဆိုသည်ကို သိရှိနားလည်ရန် လိုအပ်ပြီး မိန်းကလေးများအနေဖြင့် မိမိ၏ ရင်ဖော်ဒူးဖော် ဓါတ်ပုံများကို Facebook စာမျက်နှာပေါ်တွင် မတင်သင့်ပါ။ ယနေ့အချိန်တွင် မိုဘိုင်းဖုန်းများကို ကျောင်းသားကျောင်းသူ အရွယ်ကပါ ကိုင်တွယ်အသုံးပြုလာကြပြီး ၎င်းတို့၏ ကျောင်းစာစိတ်ဝင်စားမှု အပေါ် လျော့နည်းလာစေနိုင်သကဲ့သို့ မိုဘိုင်းအင်တာနက်မှတစ်ဆင့် နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပွားလာနိုင်သောကြောင့် ကျောင်းသားကျောင်းသူမိဘများ အနေဖြင့်လည်း မိမိတို့၏ သားသမီးများကို မိုဘိုင်းဖုန်းများ မပေးသုံးသင့်ပေ။ အင်တာနက်သည် ကောင်းကျိုးဆိုးကျိုးများ ပြည့်လျှံနေသော နေရာဖြစ် သည့်အားလျှော်စွာ ယနေ့လူငယ်များအနေဖြင့် အင်တာနက်ကို မှန်ကန်စွာ အသုံးပြုနိုင်ဖို့ အလွန်ပင် အရေးကြီးလှပါသည်။

ထို့ကြောင့် လူငယ်များအနေဖြင့် အွန်လိုင်းမီဒီယာကို ကောင်းမွန်မှန်ကန်စွာ အသုံးချပြီး မိမိအကျိုး၊ အများအကျိုးနှင့် နိုင်ငံ့အကျိုးရှိသော လုပ်ဆောင်ချက်များ၊ အပြုအမှုများ၊ အရေးအသားများကိုသာ ဆောင်းကျဉ်းပေးနိုင်ကြပါစေ ဟု ဆုတောင်းကာ ဤအမြင်ဆောင်းပါးအား ရေးသားတင်ပြလိုက်ပါသည်။


Kka Sp


Powered by Blogger.