Sunday, August 14, 2016

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ တာဝန်ရှိပုဂ္ဂိုလ်များအား တောင်ကြီးနည်းပညာတက္ကသိုလ် ကျောင်းသား/သူများက လာရောက်တွေ့ဆုံ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၁၄) ရက်









တောင်ကြီးနည်းပညာတက္ကသိုလ်ကျောင်းသား/သူများက ဒီကနေ့ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ(၁၄)ရက်၊ တနင်္ဂနွေနေ့တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးရှိ တာဝန်ရှိပုဂ္ဂိုလ်လူကြီးမင်းများနှင့် ဗဟိုဌာနချုပ်ရုံးရှိ တာဝန်ထမ်းဆောင်နေသော ဌာနဆိုင်ရာဝန်ထမ်းများကို လာရောက်တွေ့ဆုံခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဌ ဦးခွန်စံလွင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ အတွင်းရေးမှူး(၃) ဦးခွန်တင်ထွဋ်၊ အတွင်းရေးမှူး(၄) ဦးခွန်ဆရာကိုး၊ မောင်းမွူးခံဂျာနယ် အယ်ဒီတာ ဖြားခွန်ချွန်းနှင့် ဗဟိုဌာနချုပ်ရုံးရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု(ဗဟို)အဖွဲ့များ၊  လူမှုရေးအသင်းအဖွဲ့များနှင့် နည်းပညာတက္ကသိုလ် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။
တွေ့ဆုံပွဲတွင် ရှေ့ဦးစွာ ကြွရောက်လာကြသော ဂုဏ်သရေရှိလူကြီးမင်းများနှင့် ဗဟိုဌာနရုံးရှိ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ လူမူရေးအသင်းအဖွဲ့များမှ ပုဂ္ဂိုလ်များက နည်းပညာကျောင်းသား/သူများကို မိတ်ဆက်ပေးကြကာ (PNO)ဗဟိုဌာနချုပ်ရုံးမှ ရုံးအဖွဲ့မှူး စောခွန်ကျော်ဝင်းက ဗဟိုဌာနချုပ်ရုံးတွင်ရှိသော စီမံဌာန၊ လွှတ်တော်ရေးရာဌာန၊ ပြန်ကြားရေးဌာန၊ နည်းဗျူဟာရေးဆွဲရေးနှင့်သုတေသနဌာန၊ ဥပဒေဌာန၊ ပြည်သူ့ဆက်ဆံရေးဌာန၊ လေ့ကျင့်ပညာပေးရေးဌာန၊ နိုင်ငံတကာဆက်ဆံရေးဌာန၊ သတင်းဝက်ဆိုဒ်ဌာန၊ ပအိုဝ်းလူငယ်ကွန်ယက်(PYN)၊ ပါရမီဖွံ့ဖြိုးရေးကွန်ယက်တို့၏ လုပ်ငန်းဆောင်ရွက်ချက်အကျဉ်းကို ရှင်းလင်းတင်ပြပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခွန်သိန်းဖေက ပအိုဝ်းသမိုင်းဆင်းသက်လာပုံနှင့် ပတ်သက်၍ အားပေးအမှာစကား ပြောကြားခဲ့ပါသည်။
ထို့သို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခွန်သိန်းဖေ အမှာစကားပြောကြားရာတွင် မိမိအနေနှင့် နေပြည်တော်ကို တိုက်ရိုက်ဆင်းရမည် ဖြစ်သောကြောင့် ဒီကနေ့ မိမိဝတ်စားဆင်ယင်မှုနှင့် ပတ်သက်၍ စိတ်မကောင်းဖြစ်မိပါကြောင်း၊   ယခုကဲ့သို့ တောင်ကြီးနည်းပညာတက္ကသိုလ်ကျောင်းသား/သူများနှင့် တွေ့ဆုံခွင့်ရသည်မှာ အလွန်ပင် ၀မ်းသာပါကြောင်း၊ မြန်မာနိုင်ငံရှိ တိုင်းရင်းသား (၁၃၅)မျိုးထဲတွင် မိမိတို့ပအိုဝ်းလူမျိုးများ ပါဝင်နေကြောင်း၊ ယနေ့တွင် မိမိတို့ပအိုဝ်းလူများများကို မြန်မာနိုင်ငံသာမက နိုင်ငံတကာတွင် လူသိများလာရသည်မှာ ရှေ့လူကြီးများ၏ ကြိုးစားမှု၊ ပေးဆပ်မှုမှ ရလာသည်ဟု ဆိုရမည် ဖြစ်ကြောင်း၊ ရှေ့လူကြီးများ၏ သူတို့ခေတ်ကာလက အခွင့်အရေးရယူတတ်မှုနှင့် တာဝန်ကျေမှုတို့ကြောင့် မိမိတို့ ပအိုဝ်းလူငယ်များသည် ဒီကနေ့အဆင့်ကို ရောက်ရှိလာပြီဖြစ်ကြောင်း၊ ထို့အပြင် မိမိတို့ ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်ဦးအောင်ခမ်းထီ၏ ကြိုးစားအားထုတ်ပေးမှုကြောင့် မိမိတို့ပအိုဝ်း ဒေသတွင် ငြိမ်းချမ်းရေးနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ မိမိတို့ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)သည် ၁၉၉၁ခုနှစ် ငြိမ်းချမ်းရေးရယူခဲ့သည်မှစ၍ မိဘပြည်သူများအတွက် ဒေသဖွံ့ဖြိုးတိုးတက်ရေးကိုသာ ဆောင်ရွက်ခဲ့ပါကြောင်း၊ ယနေ့မြန်မာနိုင်ငံသည် နိုင်ငံတကာနှင့်ယှဉ်နိုင်အောင် ဆောင်ရွက်နေသော ကာလဖြစ်သောကြောင့် မိမိတို့ပအိုဝ်းလူမျိုးသည်လည်း မိမိတို့ဒေသ၊ မိမိတို့နိုင်ငံတိုးတက်အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မိမိတို့ဒေသ၊ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံတကာကို အမီလိုက်နိုင်ရန်အတွက် မိမိတို့လက်ရှိပညာတတ်ကျောင်းသား/သူများတွင်သာ မူတည်နေပါကြောင်း၊ ထို့ကြောင့် မိမိတို့လူငယ်များအနေနှင့် တက္ကသိုလ်ကျောင်းပြီးဆုံးပါက မိမိတို့ဒေသ၊ မိမိတို့နိုင်ငံအတွက် လိုအပ်နေသော ကဏ္ဍတွင် တတ်နိုင်သည့်ဘက်မှ တာဝန်ထမ်းဆောင်စေလိုကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဒေသဦးစီးဥက္ကဌဦးခွန်စံလွင်က အမှာစကားပြောကြားရာတွင် ယခုလို အနယ်နယ်အရပ်ရပ်မှ ပညာသင်ကြားနေသော နည်းပညာတက္ကသိုလ်ကျောင်းသား/သူများနှင့် လူမှုရေးအသင်းအဖွဲ့များကို တွေ့ဆုံရသည်မှာ အလွန်ပင် ၀မ်းသာမိပါကြောင်း၊ မိမိအနေနှင့် ယခုတွေ့ဆုံနေသော ကျောင်းသား/သူများသည် ပအိုဝ်းတစ်မျိုးသားလုံး၏ အိပ်မက်၊ ပအိုဝ်းအမျိုးသားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် ကြယ်ပွင့်များပင်ဖြစ်သည်ဟု မြင်မိပါကြောင်း၊ ပအိုဝ်းသမိုင်းနှင့် ယခုလက်ရှိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ လုပ်ဆောင်ချက်များကို အတွင်းရေးမှူးချုပ်နှင့် ရုံးအဖွဲ့မှူးတို့ ရှင်းလင်းတင်ပြပြီးဖြစ်သောကြောင့် မိမိအနေနှင့် အနာဂတ်အတွက် မိမိတို့ပအိုဝ်းလူမျိုး မည်ကဲ့သို့ ပြင်ဆင်ကြမည်နည်းဟူသောအပိုင်းကို တင်ပြစေလိုကြောင်း၊ လူမျိုးတိုင်းတွင် လိုအပ်ချက်ကိုယ်စီရှိမည်ဖြစ်၍ ထိုလိုအပ်ချက်များကို လက်ဖျန့်တောင်း၍ ရနိုင်သည့်အရာမဟုတ်ကြောင်း၊ ထိုလိုအပ်ချက်များကို ပြင်ဆင်လုပ်ယူမှသာလျှင် ရနိုင်မည်ဖြစ်ကြောင်း၊ လိုအင်ဆန္ဒနှင့် စိန်ခေါ်မှုများကို ကျော်ဖြတ်နိုင်မှသာ မိမိတို့ လိုချင်သော ပန်းတိုင်ဆီကို ရောက်နိုင်မည် ဖြစ်ကြောင်း၊ ယနေ့ ကျောင်းသား/သူများအနေနှင့် ကျောင်းပြီးပါက ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်အောင် ကြိုးစားရန်လိုအပ်ကြောင်း၊  မိမိဒေသဦးစီးဥက္ကဌအနေနှင့် ယခုလက်ရှိတွင် နိုင်ငံတကာ INGOများ၊ NGOအဖွဲ့များနှင့် ဌာနဆိုင်ရာအဖွဲ့များ ပူးပေါင်းပြီး ဒေသလိုအပ်ချက်များကို အတတ်နိုင်ဆုံးဆောင်ရွက်နေပါကြောင်း၊ ကျောင်းသား/သူများအနေနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ မိမိတို့ဒေသဦးစီးရုံးသို့ လာရောက်ဆွေးနွေးနိုင်ပါကြောင်း ပြောကြားကာ ဆက်လက်ပြီး ၁၉၉၁ခုနှစ် ငြိမ်းချမ်းရေးယူခဲ့သည့်နောက်ပိုင်း ယနေ့အချိန်ထိ ဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ 
ထို့နောက် နည်းပညာတက္ကသိုလ်မှ ကျောင်းသားခေါင်းဆောင် ခွန်ဖိုးလွန်က ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO)မှ တာဝန်ရှိပုဂ္ဂိုလ်များအား လာရောက်တွေ့ရခြင်းနှင့် နည်းပညာတက္ကသိုလ်တွင် မိမိတို့ ကျောင်းသား/သူ လှုပ်ရှားမှုနှင့် ပတ်သက်၍ “ကျွန်တော်တို့က ပိဋကတ်ပအိုဝ်းဘာသာပြန် သံဃာတော်များကို လာရောက်ကန်တော့ချင်လို့။ ပြီးတော့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)က ၁၉၉၁ခုနှစ် ငြိမ်းချမ်းရေးယူခဲ့သည့် နောက်ပိုင်း လုပ်ဆောင်လာခဲ့တဲ့ လုပ်ငန်းများကို သိချင်လို့ လာရောက်ရခြင်းဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ ကျောင်းပြီးသွားရင် ပအိုဝ်းအမျိုးသားရေးနှင့် ပတ်သက်ပြီး ဘယ်အပိုင်းမှာ ကူညီထမ်း ဆောင်ရမယ်ဆိုတာ သိချင်တာလဲ ပါပါတယ်” ဟု အဆိုပါ တွေ့ဆုံပွဲတွင် ပြောကြားခဲ့ပါသည်။
အဆိုပါ တွေ့ဆုံအခမ်းအနားတွင် မောင်းမွူးခံဂျာနယ် အယ်ဒီတာ ဖြားခွန်ချွန်းက မောင်းမွူးခံ အစောင်ရေ(၂၀၀)ကျော်ကို သော်လည်းကောင်း၊ လေ့ကျင့်ပညာပေးရေးဌာန၊ ဌာနမှူး ခွန်ဆောင်းရွှေက စွမ်းရည်မြင့်သင်တန်းလက်စွဲစာအုပ်(၁၂၅)အုပ်ကို သော်လည်းကောင်းပေးအပ်လှူဒါန်းပြီး ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO)မှ အလှူငွေ(၁)သိန်း၊ ဌာနေပြည်သူ့စစ်၊ ဌာန(၄) စီးပွားရေးတာဝန်ခံ ဗိုလ်မှူးခွန်ကျော်ဝင်းမှ (၃)သိန်း၊  ပအိုဝ်းအနုပညာအဖွဲ့မှ (၁)သိန်း၊   ပအိုဝ်းစာ/ယဉ်(ဗဟို)မှ (၅)သောင်း၊ ပအိုဝ်းအမျိုးသမီး အဖွဲ့(PWO)မှ (၅)သောင်း၊ အတွင်းရေးမှူး(၄) ဖြားဆရာကိုးမှ (၅)သောင်း၊ ပွဲစားဦးခွန်ထွန်းဖြူမှ (၅)သောင်း၊ ဒေါ်နန်းကျင်မိသားစုမှ (၃)သောင်း၊ အတွင်းရေးမှူး(၃) ဦးခွန်တင်ထွဋ်နှင့် ဒေါ်နန်းပြုံးမိသားစုမှ (၁)သောင်း၊ မွိုးမြရီ(ခ)ဒေါ်လှသန်းမိသားစုမှ (၁)သောင်းကို နည်းပညာတက္ကသိုလ်ကျောင်းသား/သူများကို ပေးအပ် လှူဒါန်းခဲ့ကြောင်း၊ တောင်ကြီးနည်းပညာတက္ကသိုလ်ကျောင်းသား/သူများသည် ဒီမနက်(၉း၄၅)မိနစ်တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဗဟိုဌာနချုပ်ရုံးသို့ ရောက်ရှိလာပြီး ရှေ့ဦးစွာ ဗဟိုဌာနချုပ်ရုံးရှိ ပိဋကတ်ပအိုဝ်းဘာသာာပြန်သံဃာတော်များကို အလှူငွေများလှူဒါန်းကာ ဆရာတော် သြ၀ါဒကို ခံယူခဲ့ပါကြောင်း ၊ တောင်ကြီးနည်းပညာတက္ကသိုလ်တွင် ပအိုဝ်းကျောင်းသား/သူ ဦးရေ(၂၃၀)ကျော်ရှိကြောင်း သိရှိရပါသည်။


ခွန်ထင်;လေအောင်;
Powered by Blogger.