Wednesday, September 28, 2016

နို့စားနွားမွေးမြူရေး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်



မြန်မာနိုင်ငံစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် နယ်သာလန်နိုင်ငံ စီပွားရေးဆိုင်ရာဝန်ကြီးဌာနတို့ ရေးထိုး သည့် စာချွန်လွှာအရ နို့စားနွားမွေးမြူရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ-ပုဂ္ဂလိကပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်ဖြင့် နို့စားနွားမွေးမြူရေး အလုပ်ရုံဆွေးနွေးပွဲကို ဒီကနေ့ ၂၀၁၆ခုနှစ်၊ စက်တင်ဘာလ(၂၈)ရက်၊ ဗုဒ္ဓဟူးနေ့၊ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ Royal Star Hotel တွင် ပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်ရှိ ဌာနဆိုင်ရာများ၊ နွားမွေးမြူသော တောင်သူလယ်သမားများ၊ လူမှုရေးအဖွဲ့အစည်းများ၊ စိတ်ပါဝင်စားသော လုပ်ငန်းရှင်များ တက်ရောက်ခဲ့ပြီး နို့စားနွား မွေးမြူရေးလုပ်ငန်းကို တနိုင်တပိုင် လုပ်ဆောင်နိုင်ရန်နှင့် ပိုမိုချဲ့တွင် လုပ်ကိုင်နိုင်ရန် ရည်ရွယ်၍ ပြုလုပ်ကျင်းပခြင်းဖြစ်ကြောင်း သိရှိရပါသည်။
၎င်းဆွေးနွေးပွဲ၌ မြန်မာနိုင်ငံတွင် နွားနို့သောက်သည့် ယဉ်ကျေးမှုများရှိခဲ့ကြောင်း၊ နွားနို့သည် ဈေးကွက် လိုအပ်ချက်များရှိနေကြောင်း၊ နွားနို့သည် ကျန်းမာရေးအရ ကောင်းမွန်အရာဖြစ်သည်ဟု လက်ခံခေတ်စား လာပြီ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် နိုင်ငံခြားမှ တင်သွင်းသော နွားနို့များကို အမှီပြုနေရပြီး ပြည်တွင်းထုတ် နွားနို့လိုအပ်နေသေးကြောင်း၊ နို့စားနွားမွေးမြူရေးဖွံ့ဖြိုးလာစေရန် အစိုးရက ချေးငွေစနစ်များ ဖော်ဆောင်ပေးရန် လိုအပ်ကြောင်း၊ ရှမ်းပြည်နယ်သည် ရာသီဥတု မျှတပြီး နို့စားနွားမွေးမြူရန် သင့်တော်သော နေရာတစ်ခု ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင်နေသော ပအိုဝ်းဒေသတွင် နို့စားနွားမွေးမြူ ရေးလုပ်ငန်းပါ တွဲ၍ လုပ်ကိုင်နိုင်ကြောင်း နယ်သာလန်နိုင်ငံမှ မွေးမြူရေးပညာရှင် တစ်ဦးက ပြောခဲ့ပါသည်။
“ကျွန်တော့်တစ်ဦးတစ်ယောက်အမြင်ပေါ့၊  ကျွန်တော့်တို့ ပအိုဝ်းဒေသတွေမှာ အများအားဖြင့် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်နေတယ်၊ ဆိုတော့ ဒီလိုပြောင်းလဲလာတဲ့ စနစ်အပေါ်မှာ မူတည်ပြီးတော့ ဒီလို နို့စားနွားပါ တွဲပြီး မွေးမြူရင် နို့ချေးလည်း ရမယ်၊ ဒါပြင် သက်ဆိုင်ရာ မွေးမြူရေးဌာန၊ မွေးမြူရေးလုပ်ငန်းရှင်နှင့် ချိတ်ဆက်ပြီး ဈေးကွက်ကို ထိုးဖောက်ဖို့ လိုအပ်တယ်။ ဒါမှလည်း မိသားစုအဆင့်ကနေ နေရာဒေသတစ်ခု အတွင်းအထိ ၀င်ငွေက များလာမှာပေါ့၊ အခက်အခဲတော့ ရှိမှာပေါ့လေ၊ ဒါပေမဲ့ အခု သူတို့သွားမဲ့ စနစ်မှာ ပါဝင်ရင်တော့ အခက်အခဲများ နည်းသွားမှာပေါ့” ဟု အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်လေ့လာသူ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) အတွင်းရေးမှူး(၄) ဖြားခွန်ဆရာကိုးက ပြောပါသည်။
ကုန်ဈေးနှုန်းမြင့်မားသောကြောင့် နို့စားနွားစာများ ၀ယ်ယူရာတွင် အခက်အခဲများ ရှိနေကြောင်း တောင်ကြီးမြို့၊ ကျောက်ကြီးစုရပ်ကွက်နေ နွားမွေးမြူသူ ဦးလှမောင်က ပြောပါသည်။
မြန်မာနိုင်ငံစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် နယ်သာလန်နိုင်ငံ စီပွားရေးဆိုင်ရာဝန်ကြီးဌာနတို့ ရေးထိုးသည့် စာချွန်လွှာအရ နို့စားနွားမွေးမြူရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် နို့စားနွားမွေးမြူရန် မြေဧက(၁၀) အနည်းဆုံးရှိသူများကို မတည်ငွေ ထက်ဝက်ကျော်နှင့် နည်းပညာများ ကူညီပေးသွားမည် ဖြစ်ကြောင်း သိရှိသည်။

ခွန်ထင်;လေအောင်;



Powered by Blogger.