Tuesday, October 4, 2016

၂၀၁၆- ခုနှစ် ရှမ်းပြည်နယ်တောင်ပိုင်း ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်






၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်၊ ဗုဒ္ဓဟူးနေ့တွင် တောင်ကြီးမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌  " ဆရာများကို တန်ဖိုးထားဖို့ သူတို့အဆင့်အတန်းကိုမြှင့်တင်စို့" ဟူသော ဆောင်ပုဒ်များဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားကို ပြုလုပ်ကျင်းပကြောင်းသိရှိရပါသည်။
အဆိုပါအခမ်းအနားများကို  အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူ လေးများက "အိုဘယ့်မြတ်ဆရာ"သီချင်းဖြင့် သီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လှုမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက အဖွင့်အမှာစကားတက်ရောက်ပြောကြားခဲ့သည်။
ထိုသို့ ပြောကြားရာတွင် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာဟူ၍ (၃)မျိုးခွဲခြားခဲ့ပြီး အသိပညာ၊ အတတ်ပညာတို့အတွက် တွေ့၊ မြင်၊ ကြား သိရသမျှများသည် ဆရာများဖြစ်သည်ဟု ခံယူရမည် ဖြစ်ကြောင်း၊  "ဆရာ" သည် အေးမြသောအရိပ်ဟူ၍လည်းခေါ်ဆိုကြပြီး အရာရာကိုတွေးတွေးစစ သင်ကြားပေးခဲ့ သည့်အတွက် "စရာ" ဟုလည်းခေါ်ဆိုခဲ့ပါကြောင်း၊ ဆရာသည် ပညာကိုသင်ကြားပေးသူ၊ သွန်သင်ဆုံးမ ပေးသူ၊ အတတ်ပညာလုပ်ငန်းတစ်ရပ်ရပ်တွင် ကျွမ်းကျင်သူ၊ ယဉ်ကျေးမှုသဘောဖြင့် ခေါ်သောစကားလုံး များဖြင့် အဓိပ္ပာယ်အမျိုးမျိုးဖွင့်ဆိုခဲ့ကြပါကြောင်း၊   ဆရာဆိုသည် အတတ်လဲသင်၊ ပဲ့ပြင်ဆုံးမ၊ ဆရာ ၀တ်ငါးအင်ကျေပွန်ခဲ့ သကဲ့သို့ ထကြွ၊ နိုးကြား၊ သနား၊ သည်းခံ၊ ဝေဖန်၊ ထောက်ရှုစသည့် နာယကဂုဏ် (၆)ပါးဖြင့်လည်းပြည့်စုံသူများဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ရှမ်းပြည်နယ် ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဆရာကြီး ဦးစန်းဝင်းမြင့်က ကမ္ဘာ့ဆရာများနေ့အခမ်းအနားသို့ ပေးပို့လာသော သ၀ဏ်လွှာများကိုဖတ်ကြားခဲ့ပြီး ၂၀၁၆ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အနေဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း အထက်တန်းအဆင့်/အလယ်တန်း အဆင့် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲဆုရရှိ  ကျောင်းသား/သူများကိုလည်း ဆုချီးမြှင့်ပေးခဲ့ပါသည်။
ထို့နောက် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူလေးများက "မြတ်ဆရာ" သီချင်းဖြင့် ဂါရ၀ပြုသီဆိုခဲ့ကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့မှ ကန်တော့ ခံဆရာကြီး/ဆရာမကြီးအား ကန်တော့ပစ္စည်းများ ပေးအပ်ပူဇော်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရက်ခွိုမူးပေ
Powered by Blogger.