Wednesday, October 12, 2016

ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ဗဟို)နှင့် ထိုင်းနိုင်ငံ သူရိန်ဒရာရာဇဘတ်တက္ကသိုလ်မှ ပါမောက္ခအဖွဲ့တို့ တွေ့ဆုံ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၁၃) ရက်





၂၀၁၆၊ အောက်တိုဘာ (၁၂)ရက်၊ မနက် (၉း၃၀)နာရီအချိန်၊ အထူးဒေသ(၆)၊ တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်းရှိ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ဗဟို)ရုံးတွင် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ဗဟို)နှင့်ထိုင်းနိုင်ငံ၊ သူရိန်ဒရာရာဇဘတ်တက္ကသိုလ်မှ ပါမောက္ခအဖွဲ့တို့ တွေ့ဆုံခဲ့ကြပါသည်။
ထိုသို့ တွေ့ဆုံမှုတွင် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ဗဟို)ဥက္ကဋ္ဌဖြစ်သည့် ဖြားခွန်ဝင်းကိုမှ - ယခုလို သူရိန်ဒရာရာဇဘတ်တက္ကသိုလ်မှ ပါမောက္ခချုပ်နှင့်ဆရာမများအနေဖြင့် ယခုလို  လာရောက်သည့်အတွက် အထူးဂုဏ်ယူမိပါကြောင်း၊ သူရိန်ဒရာရာဇဘတ်တက္ကသိုလ်နှင့်ပအိုဝ်းစာပေနှင်ယဉ်ကျေးမှုအဖွဲ့တို့ နှစ်ဖက်သဘောတူ စာချုပ်ချုပ်ဆိုထားသည့် mou စာချုပ်ကြီးကိုလည်း ဂုဏ်ယူမိပါကြောင်း၊ သို့သော် စာချုပ်ထဲမှာပါသည့် သဘောတူချက်များကို အကြောင်းအမျိုးမျိုးကြောင့် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့အနေဖြင့် ပြည့်ပြည့်၀၀ အကောင်အထည်မဖေါ်နိုင်သည်ကို မိမိအနေဖြင့် အားမရသေးပါကြောင်း၊ အားနည်းချက်များ အဘက်ဘက်မှ ရှိနေသေးကာ ယခု ပအိုဝ်းအမျိုးသားများအနေဖြင့် တန်းတူမှုအခွင့်အရေးများ ရရှိလာအောင် လုပ်ဆောင်ဖို့လုပ်ငန်းများ ရှိနေပါသေးကြောင်း၊  ထိုင်းတွင် ပအိုဝ်းရွေ့ပြောင်းအလုပ်သမားများကို ကြည့်ခြင်းအားဖြင့် ပအိုဝ်းလူထုအခြေနေများကို သိရှိနိုင်ပါကြောင်း၊ နှစ်ဖက်သဘောတူ လုပ်ဆောင်ရမည့် အရာများကိုလည်း ပွင့်လင်းမြင်သာမှုရှိဖို့ လိုပါကြောင်း၊ mou သဘောတူချက်များကို အကောင်အထည်ဖေါ်နိုင်အောင် သူရိန်ဒရာရာဇဘတ်တက္ကသိုလ်မှ ဆရာ/ဆရာမများအနေဖြင့်လည်း အကြံဥာဏ်များ ပေးနိုင်ကြောင်း၊ တက္ကသိုလ်အနေဖြင့်လည်း ပအိုဝ်းဒေသဖွံ့ဖြိုးတိုးတက်ဖို့ ငွေအား၊ ဥာဏ်အား၊ လူအားများဖြင့် ကူညီဆောင်ရွက်ပေးဖို့ တိုက်တွန်းလိုပါကြောင်း စသည့်အကြောင်းအရာများကို ပြောကြားခဲ့ပါသည်။
ထို့နောက် သူရိန်ဒရာရာဇဘတ်တက္ကသိုလ် ပါမောက္ခချုပ်ဟောင်း - Dr Achara Psanurat မှ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ဗဟို) ဥက္ကဋ္ဌ ဖြားခွန်ဝင်းကိုအား အမှတ်တရလက်ဆောင် ပေးအပ်ကာ သူရိန်ဒရာရာဇဘတ်တက္ကသိုလ်အကြောင်းကိုလည်းအကျဉ်းချုပ်တင်ပြခဲ့ပြီး ဆွေးနွေးသင့်သည်များကို ဆွေးနွေးခဲ့ကြပါသည်။ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ထိုတက္ကသိုလ်သို့ စေလွတ်သည့် ပအိုဝ်းကျောင်းသူ နန်းမြစိန် (မဟာတန်း  ပထမနှစ်ဝက် - rescherch for Community and Regional Development) -နှင့်နန်းထွေးရီ (ဒုတိယနှစ် - business computer)  တို့နှစ်ဦးက မိမိတို့သင်ယူရသည့် ဘာသာရပ်များအကြောင်းနှင့် အတွေ့အကြံများကိုလည်း တက်ရောက်လာသူတို့အား မျှဝေခဲ့ကြပါသည်။
ထို့နောက် သိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး နေ့လည် (၁၂း၃၀) ချိန်တွင် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု(ဗဟို)အဖွဲ့မှ  ဧည့်သည်တော်များအား အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ပါသည်။             ၂၀၁၄၊ နိုဝင်ဘာ(၈)ရက်၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ဗဟို)ရုံးတွင် ထိုင်းနိုင်ငံ သူရိဒရာရာဇဘတ်တက္ကသိုလ်နှင့် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ဗဟို)တို့ ပညာရေးကိစ္စရပ်များ၊ သုတေသနကိစ္စရပ်များ၊ ယဉ်ကျေးမှုဖလှယ်ခြင်းများစသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ နှစ်ဖက်သဘောတူ mou စာချုပ်ကို ချုပ်ဆိုခဲ့ပါသည်။
ဆွေးနွေးချက်များတွင် တောင်ကြီးတွင် ကျင်းပသော ပအိုဝ်းအမျိုးသားပွဲတော်(တပေါင်းလပြည့်)နေ့တွင် သူရိန်ဒရာရာဇဘတ်တက္ကသိုလ်မှ  ထိုင်း /ကမ္ဘောဒီးယား ကျောင်းသား/သူများက အကပဒေသာဖြင့် အခါသင့်ပါက လာရောက်ဖျော်ဖြေမည်ဖြစ်ပါကြောင်းကိုလည်း သိရှိရပါသည်။

ခွန်စုထူးယံ (ဟိုနမ်း)
Powered by Blogger.