Thursday, October 6, 2016

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) အတွင်းရေးမှူး(၃)နှင့် ရုံးအဖွဲ့မှူးတို့က ပအိုဝ်းအမျိုးသမီးသမဂ္ဂအဖွဲ့ (PWU)များနှင့် ရင်းနှီးစွာ တွေ့ဆုံ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၆) ရက်



ဒီကနေ့ ၂၀၁၆ခုနှစ်၊ စက်တင်ဘာလ(၆)၊ ကြာသပတေးနေ့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုဌာနချုပ်ရုံးတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) အတွင်းရေးမှူး(၃) ဦးခွန်တင်ထွဋ်နှင့် ရုံးအဖွဲ့မှူး စောခွန်ကျော်ဝင်းတို့က ပအိုဝ်းအမျိုးသမီးသမဂ္ဂအဖွဲ့(PWU)များနှင့် ခင်မင်ရင်းနှီးစွာ တွေ့ဆုံခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ တွေ့ဆုံရာတွင် ပအိုဝ်းဒေသအတွင်းရှိ အမျိုးသမီးနှင့် သက်ဆိုင်သော စွမ်းရည်မြင့်သင်တန်းများ၊ အမျိုးသမီးအခွင့်အရေးများ၊ အမျိုးသမီးအကြမ်းဖက်မှုဆိုင်ရာ အသိပညာပေး အစီအစဉ်များ လုပ်ဆောင်ရာတွင် အောက်ခြေအထိ ပိုမိုထိရောက်စေရန်အတွက် နှစ်ဦးနှစ်ဖက်မှ အချင်းအချင်း ကူညီရိုင်းပင်းကြရန် ဆွေးနွေးခဲ့ကြသည်။
“ ကျွန်မတို့ မြန်မာနိုင်ငံမှာ အခုဆို အမျိုးသမီးပါဝင်မှု ၃၀% ရှိရမယ်လို့ တောင်းဆိုတဲ့အသံတွင် ကျယ်လောင်လာပါပြီ။ ကျွန်မတို့ ပအိုဝ်းမှာလည်း ခေါင်းဆောင်မှုမှာဘဲဖြစ်ဖြစ်၊ အဆုံးအဖြတ်ပေးတဲ့ နေရာမှာဘဲဖြစ်ဖြစ်၊ အမျိုးသမီး ၃၀% ပါဝင်နိုင်အောင် ကျွန်မတို့ လုပ်ဆောင်ချင်တယ်၊ အဲဒီလို လုပ်ဆောင်တဲ့နေရာမှာ PNO က ပအိုဝ်းဒေသမှာ အင်းအားကြီးမားတဲ့အတွက် PNO အနေနဲ့ ကူညီ လုပ်ဆောင်ပေးဖို့ လာရောက် ဆွေးနွေးရခြင်း ဖြစ်ပါတယ်” ဟု အဆိုပါ တွေ့ဆုံမှုတွင် PWU မှ ပြန်လည်ဆန်းစစ်ခြင်းနှင့် အကဲဖြတ်ခြင်း တာဝန်ခံ နန်းခမ်းချိုက ပြောခဲ့ပါသည်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) အတွင်းရေးမှူး(၃) ဦးခွန်တင်ထွဋ်နှင့် ရုံးအဖွဲ့မှူး စောခွန်ကျော်ဝင်း တို့ကလည်း မိမိတို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)သည် အမျိုးသမီးနှင့် ပတ်သက်၍ စွမ်းရည်မြင့် သင်တန်းများ ပို့ချပေးနေကြောင်း၊ မိမိတို့ အမျိုးသားနိုင်ငံရေးတွင် အမျိုးသမီးများ ပါဝင်လာစေရန် အားပေးကူညီ လက်တွဲခေါ်ယူလျက်ရှိနေကြောင်း၊ သို့သော်လည်း မိမိတို့ ပအိုဝ်းအမျိုးသမီးများသည် အသိပညာအားနည်းမှုရှိနေခြင်း၊ အချို့သော ထုံးတမ်းစဉ်လာ ယဉ်ကျေးမှု၏  သွတ်သွင်းမှုအောက်တွင် မရုန်းထွက်နိုင်ခြင်းကြောင့် မိမိတို့လိုသလောက် မရရှိခဲ့ခြင်း စသည့်အကြောင်းများကို ပြောကြားသွားခဲ့သည်။
လက်ရှိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဗဟိုဌာနချုပ်ရုံးတွင် ၀န်ထမ်း(၅၀)ဦးရှိရာမှ အမျိုးသမီး(၁၈)ဦး ပါဝင်နေကြောင်း စာရင်းအရ သိရှိရပါသည်။
အမျိုးသမီးအခွင့်အရေးနှင့် ပတ်သက်၍ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈) ပုဒ်မ(၃၅၂)တွင် “ နိုင်ငံတော်အနေဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ မည်သည့် နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူး၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီးနှင့် ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှုမရှိစေရ။ သို့ရာတွင် အမျိုးသားများနှင့်သာ သင့်လျော်သော ရာထူးတာဝန်များအတွက် အမျိုးသားကိုသာ ရွေးချယ်ခန့်ထားခြင်းကို အဟန့်အတားမဖြစ်စေရ” ဟု ပြဌာန်းထားပါသည်။
ပအိုဝ်းအမျိုးသမီးသမဂ္ဂအဖွဲ့(PWU)ကို ၁၉၉၉ခုနှစ်၊ နိုဝင်ဘာလ(၅)ရက်နေ့၊ ထိုင်းနိုင်ငံနှင့်မြန်မာနိုင်ငံ နယ်စပ် မဲဟောင်ဆောင်မြို့တွင် စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် (၆)လကြာမည့် အမျိုးသမီးနိုင်ငံရေး စွမ်းရည်မြင့်သင်တန်းကျောင်း ဖွင့်လှစ်မည်ဟု သိရှိရသည်။

ခွန်ထင်;လေအောင်;
Powered by Blogger.