Tuesday, October 25, 2016

အမေရိကန်ပြည်ထောင်စုရွေးကောက်ပွဲကို သွားရောက်လေ့လာခွင့်ရရှိသော နန်းခမ်းဗွာအား ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ အတွင်းရေးမှူး(၃) နှင့် ရုံးအဖွဲ့မှူးတို့က အားပေးစကား ပြောကြား

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်



အမေရိကန်ပြည်ထောင်စုရွေးကောက်ပွဲကို သွားရောက်လေ့လာခွင့် ရရှိသော နန်းခမ်းဗွာအား ၂၀၁၆ခုနှစ်၊ အောက်တိုဘာလ(၂၄)ရက်၊ တနလာင်္နေ့၌ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ အတွင်းရေးမှူး(၃) ဦးခွန်တင်ထွဋ် နှင့် ရုံးအဖွဲ့မှူးစောခွန်ကျော်ဝင်းတို့က အားပေးအမှာစကားပြောကြားခဲ့ပါသည်။ 
ထိုသို့ ပြောကြားရာတွင် အခုလို မိမိတို့အဖွဲ့အစည်းအနေနှင့်သော်လည်းကောင်း၊ မြန်မာနိုင်ငံကို ကိုယ်စားပြု၍ သော်လည်းကောင်း ဤကဲ့သို့ အမေရိကန်ပြည်ထောင်စုရွေးကောက်ပွဲကို သွားရောက်လေ့လာခွင့်ရမည်မှာ လွယ်ကူသည့်အရာမဟုတ်ကြောင်း၊ သို့သော်လည်း ကံ၏အကျိုးပေးမှု၊ နန်းခမ်းဗွာ၏ ကြိုးစားမှုကြောင့် မထင်မှတ်ဘဲ အမေရိကန်ပြည်ထောင်စုတွင် ပြုလုပ်မည့်ရွေးကောက်ပွဲကို ကိုယ်တိုင်သွားရောက်လေ့လာခွင့်ရသည်ဟု ကြားသိရသောအခါ မိမိတို့အနေနှင့် အလွန်ပင်ဝမ်းသာကျေနပ်မိပါကြောင်း၊ ထိုသို့ သွားရောက်လေ့လာရာတွင် အစစအရာရာသတိ၊ ၀ိရိယထားစေလိုကြောင်း၊ ထိုခရီးစဉ်မှ တွေ့ရှိချက်များ၊ ဗဟုသုတများကို သေသေချာချာ မှတ်တမ်းမှတ်ရာများဖြင့် ရေးသားစေလိုကြောင်း၊ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ရရှိလာသော အတွေ့အကြုံများ၊ ဗဟုသုတများကို ယင်းခရီးစဉ်ပြီးဆုံးပါက ကောင်းမွန်စွာပြန်လည်မျှဝေနိုင်မည်ဟု မိမိတို့လူကြီးများအနေဖြင့် မျှော်လင့်နေမည်ဖြစ်ကြောင်း စသဖြင့်ပြောကြားခဲ့ပါသည်။ 
၎င်းခရီးစဉ်နှင့် ပတ်သက်၍ “ ဒီခရီးစဉ်မှ ကျမအနေနဲ့ လေ့လာခွင့်ရမယ်လို့ မထင်ထားခဲ့မိပါဘူး၊ ဘာလို့လဲဆိုတော့ သူတို့က မြန်မာနိုင်ငံက ပါတီအများကြီးထဲမှာ အမျိုးသမီး(၂)ယောက်ထဲဘဲ ရွေးမယ်ဆိုတော့လေ။ အခုလို မထင်မှတ်ဘဲပါသွားတော့ ပျော်လည်းပျော်တယ်၊ စိတ်လည်း တအားလှုပ်ရှားနေတယ်ပေါ့၊ ဘာဖြစ်ဖြစ် ဒီခရီးစဉ်ကနေရလာတဲ့ ဗဟုသုတများကို ပြန်လည်မျှဝေပေးသွားမှာပါ” ဟု နန်းခမ်းဗွာ ပြောပါသည်။ 
အဆိုပါ အမေရိကန်ရွေးကောက်ပွဲလေ့လာရေးခရီးစဉ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ (၁)ဦးနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ(၁)ဦးအပြင် ပြည်တွင်းNGOတွင် လုပ်ကိုင်သူ (၂)ဦး စုစုပေါင်း (၄)ဦးတို့က သွားရောက်လေ့လာခွင့်ရရှိထားကြောင်း၊ ၄င်းလေ့လာရေးခရီးသည် အောက်တိုဘာလ(၂၅)ရက်မှ နိုဝင်ဘာလ(၁၁)ရက်အထိကြာမြင့်မည်ဖြစ်ပြီး ရွေးကောက်ပွဲကို မြန်မာနိုင်ငံနည်းတူ နိုဝင်ဘာလ(၈)ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်း၊ ယင်းခရီးစဉ်ကို The Richardson Center for Global Engagement သည် အမေရိကန်သံရုံး၏ ထောက်ပံ့မှုအကူအညီဖြင့် စီစဉ်ပေးကြောင်းသိရှိရပါသည်။ 

ခွန်ထင်;လေအောင်;
Powered by Blogger.