Thursday, December 15, 2016

ကန္တရားကျေးရွာ အခြေခံပညာမူလတန်းကျောင်းခွဲ ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၆) ရက်












အထူးဒေသ(၆) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် တိလုံကျေးရွာအုပ်စု၊ ကန္တရာကျေးရွာ၌ ယနေ့ ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက် ကြာသပတေးနေ့ နံနက်(၁၀း၃၀)အချိန်တွင် ဂျပန်နိုင်ငံအခြေစိုက် Megatech Corporation မိသားအဖွဲ့မှ ဆောက်လုပ်လှူဒါန်းသော အခြေခံပညာမူလတန်းကျောင်းခွဲ ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ပြုလုပ်ကျင်းပခဲ့ပါသည်။

အဆိုပါ ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဖြားတန်ခွန်ရဲထွေးနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၊ ညွှန်ကြားရေးမှူး၊ ရှမ်းပြည်နယ်ပညာရေးမှူးရုံး၊ အုပ်ချုပ်ရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟိုပုံးမြို့နယ် မြို့နယ်ပညာရေးမှူး၊ ဂျပန်နိုင်ငံအခြေစိုက် Megatech Corporation မိသားအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တိလုံကျေးရွာအုပ်စု ပညာရေးမိသားစုအတွင်းရှိ ထက်၊ လယ်၊ မူကျောင်များမှ ကျောင်းအုပ်ကြီးများ ဆရာ/ဆရာမများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ ဒေသခံရပ်မိ/ရပ်ဖတို့မှ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဖြားတန်ခွန်ရဲထွေး၊ ပအိုဝ်းကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဖြားတန်ခွန်စံလွင်၊ ညွှန်ကြားရေးမှူး၊ ဂျပန်နိုင်ငံအခြေစိုက် Megatech Corporation မိသားစုအဖွဲ့ဥက္ကဋ္ဌတို့မှ ထိုကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း အခမ်းအနားကို အသီးသီး ဖဲကြိုးဖွင့်လှစ်ပေးခဲ့ကြပြီး ထို့နောက် ဌာနဆိုင်ရာအကြီးအကဲများနှင့်တကွအမှတ်တရ သစ်ပင်စိုက်ပျိုးခြင်း၊ ကျောင်းဆောင်သစ်ကဗ္ဗည်းတွင် အမွှေးနံသာ ပက်ဖြန်းခြင်း၊ ကျောင်းဆောင်သစ်အား ကြည့်ရှုစစ်ဆေးခဲ့ကြပြီးနောက် စုပေါင်းအမှတ်တရ ဓာတ်ပုံများရိုက်ကူးခဲ့ကြပါသည်။

ထို့နောက် ဒုတိယပိုင်း အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဖြားတန်ခွန်ရဲထွေးမှ အဖွင့်အမှာစကားပြောကြားရာတွင် ကန္တရားကျေးရွာမှာရှိတဲ့မိဘပြည်သူအပေါင်းကို အထူးမှာကြားလိုတာကတော့ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေရေး ကျောင်းနေတဲ့ကလေးတိုင်း ကျောင်းနေမြဲရေး အခြေခံပညာကို ပြီးဆုံးမှီအထိသင်ယူနည်းတို့ကို မိဘများကဆောင်ရွက်ပေးကြဖို့ မှာကြားတင်ပြလိုပါတယ်။ ဒီကနေ့ နိုင်ငံတော်ကို အေးချမ်းသာယာပြီး ခေတ်မှီတိုးတက်တည့် စည်းကမ်းပြည့်ဝသောဒီမိုကရေစီနိုင်ငံတော်တည်ဆောက်လျက်ရှိတာကို အားလုံးအသိပဲဖြစ်ပါတယ်။ ဒီလိုတည်ဆောက်ရာမှာ တိုင်းရင်းသားပြည်သူကို ကိုယ်စားပြုတဲ့အမျိုးသားအင်အားစုရဲ့ စည်းလုံးညီညွတ်မှုအင်အား တူညီတဲ့ရည်မှန်းချက်နဲ့သာ အေးချမ်းသာယာပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ ဒီလိုတည်ဆောက်တဲ့အထဲမှာ တည်ငြိမ်ခိုင်ခန့်ပြီး ဘက်စုံပြည့်ဝသည့် အမျိုးသားပညာရေး အဆောက်အအုံကြီးကို တည်ဆောက်ရေးဟာ အရေးကြီးရုံသာမက မျိုးဆက်သစ်လူငယ်များကို အနာဂါတ်ရည်မှန်းချက်နှင့်အညီ အရည်အသွေးပြည့်ဝအောင် ကြိုတင်ပြုစုပျိုးထောင်ထားဖို့အရေးကြီးလှပါတယ်။

နောင်တခေတ်မှာ နိုင်ငံတော်ရဲ့တာဝန်ကို ထမ်းဆောင်မည့် ကျောင်းသား/ကျောင်းသူများကို မျိုးချစ်စိတ်ဓာတ် ပြည်ထောင်စုစိတ်ဓာတ် ရင့်ကျက်ခိုင်မာရေးကို အထူးအာရုံစိုက်ဖို့ကို နိုင်ငံတော်အကြီးအကဲများက လမ်းညွန်ခဲ့ပြီးဖြစ်ပါတယ်။ အထူးအလေးထား ဆောင်ရွက်ရမှာက ဆရာ/ဆရာမများရဲ့တာဝန်ဖြစ်ကြောင်း တင်ပြလိုပါတယ်။ ကျောင်းနေကလေးသူငယ်တိုင်း ကျောင်းသို့ရောက်ရှိရန် မူလတန်းအဆင့်ကလေးတိုင်း မူလတန်းပညာသင်ယူပြီးမြောက်နိုင်ရန် မူလတန်းအဆင့်မှ အလယ်တန်းအဆင့်သို့ ကူးပြောင်းဖို့ရာခိုင် နှုန်းပြည့်မှီ ရန် ကျောင်းထွက်မှုနှုန်း လျော့ကျသွားစေရန် နိဂုံးချုပ်အနေနဲ့ ပြောကြားလိုဒါကတော့ ယခုကျောင်းဆောင်သစ်ကို ဖွင့်လှစ်ပေးလိုက်တဲ့ ကန္တရားအခြေခံမူလတန်းကျောင်းမှ နိုင်ငံတော်ကို အကျိုးပြုမည့် ထူးချွန်ထက်မြက်တဲ့ အသိပညာရှင် အတတ်ပညာ လူသားအရင်းမြစ်များကို မွေးထုတ်ပေးရာမှာ မိဘဆရာဆရာမများက ၀ိုင်းဝန်းကြိုးစားအားပေးကြဖို့ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌ ဖြားတန်ခွန်စံလွင်မှ အမှာစကားပြောကြားရာတွင် ဒီကျောင်းဆောင်သစ်လွှဲပြောင်းပေးထားတဲ့ အမကခွဲကန္တရားကျောင်းဟာ ကျောင်းဥပဓိရုပ်နဲ့ လိုက်လျောတဲ့ကျောင်းတစ်ကျောင်းဖြစ်လာတည့်အတွက် ဒီကျေးရွာနဲ့ ပတ်ဝန်းကျင်မှာနေထိုင်ကြတဲ့ ကျောင်းသူ/ကျောင်းသားများအတွက်အင်မတန်မှပဲ အကျိုးကျေးဇူးရရှိသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီမှာပညာနို့ချိုသောက်သုံးတဲ့ကလေးတွေဟာ အနာဂါတ် ကျွန်တော်တို့ မျော်လင့်ထားသည့် တိုင်းပြည်တည်ဆောက်ရေးမှာ ပါဝင်လာနိုင်မည့် ပညာဖြစ်တဲ့အတွက်ကြောင့် ဒီနေ့ ကျွန်တော်တို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့အနေနဲ့ဆောက်လုပ်လှူဒါန်းပေးခဲ့တဲ့အလှူရှင်တွေကို အထူးပဲကျေးဇူးတင်ဥပကာရရှိပါကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော်တို့ဒေသရဲ့ လက်ရှိပညာရေးနှင့် ပတ်သက်ပြီးတော့မှ ယနေ့လိုအပ်နေတဲ့အနေအထားတခုကို ကျွန်တော်တင်ပြသွားမှာဖြစ်ပါတယ်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအနေနဲ့မြို့နယ်ပေါင်း(၃)မြို့နယ်ရှိပါတယ်။ လူဦးရေအရ လေးသိန်း နှစ်သောင်း မှီတင်းနေထိုင်ကြတဲ့နေရာမှာ တိုင်းရင်းသားလူမျိုးပေါင်း(၁၆)မျိုးခန့် အေးအတူပူအမျှအတူတကွယှဉ်တွဲနေထိုင်လျက်ရှိပါကြောင်း အဲလိုနေထိုင်တဲ့နေရာမှာ ကျွန်တော်တို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအနေနဲ့ ကျေးရွာပေါင်း(၁၀၈၃)ရွာရှိပါတယ်။ အခုကျေးရွာပေါင်း(၁၀၈၃)ရွာမှာ ကျွန်တော်တို့ ယနေ့ပညာရေးအရ စာသင်ကျောင်းပေါင်းဟာ (၆၆၆)ကျောင်းသာရှိပါသေးတယ်၊ ပြောရရင် ကျွန်တော်တို့ရဲ့ တစ်ဝက်ကျော်သောကျေးရွာများသာ ပညာသင်ကြားခွင့် ရရှိနေသေးဒါဖြစ်ပါတယ်။ ဒီကျောင်းတွေမှာလဲ ကျွန်တော်တို့ နှစ်သုံးဆယ်စီမံကိန်းအရ မူလတန်းမသင်မနေရ ငါးနှစ်ပြည့်ပြီးသူတိုင်း မူလတန်းကျောင်းဖြေနိုင်ဖို့အတွက် ကျွန်တော်တို့ဆောင်ရွက်တဲ့နေရာမှာ အခုကျွန်တော်တို့ဒေသရဲ့ ကျောင်းသူကျောင်းသားအားလုံးဟာ (၇၇၆၆၄)ဦး လက်ရှိကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းမှာ ပညာသင်နို့ချိုသောက်သုံးလျက်ရှိပါတယ်။ ဒါကြောင့် ကျောင်းဆောင်သစ်များတွင် လိုအပ်ချက်ဟာလည်း  မြောက်များစွာ ကျန်ရှိနေသေးကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါ ကျောင်းဆောင်သစ်အား ဂျပန်နိုင်ငံအခြေစိုက် Megatech Corporation မိသားမှ ဒေသတွင်းရှိ ကလေးသူငယ်များ ပညာသင်ကြားနိုင်ရန် ၎င်း၏ ပံ့ပိုးကူညီမှုနှင့် ဒေသခံမိဘပြည်သူများ ပူးပေါင်းမှုဖြင့် ပေ(၁၀၀×၃၀)ကျောင်းဆောင်သစ်ကို ဆောက်လုပ်ရခြင်းဖြစ်ကြောင်း ထိုကျောင်းဆောင်သစ်တွင် စုစုပေါင်း ကျပ်သိန်းပေါင်း(၅၀၀)ကုန်ကျငွေဖြင့် ဆောက်လုပ်ပေးခဲ့ရာမှာ စာသင်ခန်း(၅)ခန်းပါ ပေ(၁၀၀×၃၀)တစ်ထပ်၊ သွပ်မိုး၊ အုတ်ကာ အင်္ဂတေခင်း ကျောင်းဆောင်(၁)ဆောင်၊ အလံတိုင်၊ ပေ(၂၃×၅×၇)(၅)ခန်းတွဲ ရေလောင်းပတ်ကားအိမ်သာ(၁)လုံး၊ ကျောင်းသားစာရေခုံ၊ ထိုင်ခုံ (၄၀)စုံ၊ ကျောင်းသား/သူဝတ်စုံ (၇၀)စုံ၊ ကျောင်းသင်ပုန်း(ဖြူ) (၅)ချပ်၊ ဆရာ/မ စားပွဲနှင့် ကုလားထိုင် (၅)စုံ အခြားလိုအပ်သော သင်ထောက်ကူပစ္စည်းများနှင့် ပရိဘောဂများအား ပညားရေးဝန်ကြီးဌာနသို့ လွှဲပြောင်းအပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

ခွန်ဗန်ထို

Powered by Blogger.