Thursday, December 22, 2016

ပတ်ဝန်းကျင်အလျောက်ပြောင်းလဲတတ်သော လူတို့၏စိတ်နေသဘောထား

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်


လူတို့မည်သည် တစ်ဦးတစ်ယောက်နေထိုင်၍မရ၊ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းများဖြင့် အသက် ဆက်နေထိုင်ကြရသည်။ လောကတွင် ပတ်ဝန်းကျင်ဟူသည် အမျိုးမျိုးအဖုံဖုံ၊ ကွဲပြားခြားနားနေကြသည်။ ဤကဲ့သို့ ကွဲပြားခြားနားနေသော ပတ်ဝန်းကျင်တွင် နေထိုင်သောလူတချို့တို့သည် ပတ်ဝန်းကျင် အလျောက် မိမိတို့၏စိတ်နေသဘောထားပါ  လိုက်ပြောင်းလဲတတ်ကြသည်ကိုတွေ့မြင်နေရတတ်ပါသည်။

ပတ်ဝန်းကျင်ဟူသည် လူတန်းစားအမျိုးမျိုးနေထိုင်သောနေရာဖြစ်သောကြောင့် ကောင်းသောပတ် ၀န်းကျင်ရှိသကဲ့သို့ ဆိုးသောပတ်ဝန်းကျင်လည်းရှိကြသည်။ ကလေးဘ၀၊ ငယ်ငယ်လေးကတည်းက ကောင်းသော ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းများဖြင့် နေထိုင်ရသောသူသည် အသက်အရွယ်ရလာသော အချိန်တွင် မိမိ၏ငယ်ဘ၀နှင့်ဆန့်ကျင်ဘက်ဖြစ်သော ပတ်ဝန်းကျင်ကို နေထိုင်ရသောအခါ အစပိုင်းတွင် ထိုပတ်ဝန်းကျင်တွင် ၀င်မဆံ့နိုင်ပေ။ နောက်ပိုင်းတွင် ထိုပတ်ဝန်းကျင်၏အထာများကိုသိလာသောအခါ မိမိ၏ပင်ကိုယ်စရိုက်ကို ဖုံးဖိပြီးရေလိုက်ငါးလိုက်၊ အလိုက်အထိုက် နေထိုင်တတ်လာသည်။ “ရောမရောက် လျှင်ရောမလိုကျင့်” ဟူသောလက်သုံးစကားကိုတလက်ကိုင်လာကြသည်။

မိမိနေထိုင်ရင်ဆိုင်နေရသော ပတ်ဝန်းကျင်သည် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေမိမိအနေဖြင့် လိုက်လျောညီထွေစွာနေထိုင်တတ်ရမည်။ သို့သော်မိမိ၏ ပင်ကိုယ်စိတ်နေသဘောထားများကို ဖုံးဖိပြီးနေထိုင်ရန်မှာသရုပ်ဆောင်မှုတစ်ခုသာ ဖြစ်သည့်အတွက် ရေရှည်အတွက် ဆိုးကျိုးဖြစ်နိုင်ချေရှိသည်။ တချို့သောသူများသည် သူတို့၏ပင်ကိုယ်စရိုက်သည် မည်မျှပင်ကောင်းမွန်သော်လည်း ပတ်ဝန်းကျင် အလျောက် အကျင့်စရိုက်ပတ်ဝန်းကျင်နှင့် နေထိုင်ရချိန်ပိုများလာသောအခါ ဟန်ဆောင်ပန်ဆောင် နေထိုင်းရင်းဖြင့်ပင် စိတ်ဖိစိမှုများလာတတ်ကြသည်။

လူတို့၏သဘောသဘာဝသည် အကောင်းထက်အဆိုးဘက်ကိုဦးတည်ပြီးတွေးတောတတ်ကြသည်။ ဥပမာအားဖြင့် အကျင့်စာရိတ္တကောင်းမွန်ပြီးသောသူတစ်ဦးသည် မည်သို့သောပတ်ဝန်းကျင်နှင့် နေထိုင်ရသော်လည်း သူတို့၏စိတ်ဆန္ဒများကိုရှေ့တန်းမတင်ဘဲအများနှင့် လိုက်လျောညီထွေအောင် နေတတ်ကြသည်။သို့သော်လည်းအကျင့်စရိုက်ဆိုးသောသူမှာမူမည်သည့်ပတ်ဝန်းကျင်ပင်ဖြစ်စေမိမိဆန္ဒကိုသာတစ်ဘက်တည်းဦးတည်ပြီးအခြားသောသူများနှင့်လည်းလိုက်လျောညီထွေအောင် မနေတတ်ကြပေ။

အချုပ်အားဖြင့်ဆိုသော် တချို့သောသူများသည် ပတ်ဝန်းကျင်အလိုက် ပြောင်းလဲတတ်ကြသော်လည်းမိမိတို့၏စိတ်နေသဘောထားတွင် ပင်ကိုယ်စရိုက်သာကောင်းမွန်နေလျှင် မပြောင်းလဲသင့်တော့ချေ။ ပင်ကိုယ်စိတ်နေသဘောထားမကောင်းသူသာလျှင် မိမိကိုယ်မိမိဆန်းစစ်ပြီးပြုပြင်သင့်ပါသည်။ သို့သော် အခြားသောသူများ၊ လူအများနှင့်လိုက်လျောညီထွေစွာနေထိုင်တတ်ရန် လိုအပ်ပါသည်။ မည်သူပင်ဖြစ်စေလူပီသလျှင် မိမိ၏စိတ်ဆန္ဒတစ်ခုတည်းကို  ရှေ့တန်းမတင်သင့်ကြောင်း ၊ထိုသို့နေထိုင် တတ်ရန် လူတစ်ဦးချင်းစီမှ လူအများအထိ ကြိုးစားနေထိုင်ကြပါဦးစို့။

နန်းခမ်းညာ(ကောင်တန်ဒေသ)

Powered by Blogger.