Sunday, January 8, 2017

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ မြေငှားဂရန်ပေးအပ်ပွဲကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၉) ရက်




ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် ကျေးရွာမြေငှားဂရန်ပေးအပ်ပွဲ အခမ်းအနားကို ဇန်န၀ါရီလ (၅)ရက် နံနက် ၁၀နာရီက နမ့်ခုတ်ကျေးရွာအုပ်စု၊ နမ့်ခုတ်ကျေးရွာ ကေတုမတီဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ကြောင်းသိရသည်။

အခမ်းအနားတွင် တောင်ကြီးခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်အံ့မောင်က အဖွင့်အမှာစကားပြောကြားပြီး ဟိုပုံး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်က ``ကျေးလက်နေပြည်သူများ ပိုင်ဆိုင်နေထိုင်သည့် အိမ်ခြံမြေကွက်များကို မြေငှားဂရန်(မြေငှားစာချုပ်)ထုတ်ပေးခြင်းဖြစ်ကြောင်း၊ ကျေးရွာမြေအတွင်း ပိုင်ဆိုင်မှုအထောက်အထားကင်းမဲ့စွာ  နေထိုင်ရခြင်းအစား ခိုင်မာသည့် တရားဝင်အထောက်အထား (Legal Document) မြေငှားဂရန် (Lease) ရရှိခြင်းအားဖြင့် ကျေးရွာနေပြည်သူလူထုများ၏ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုပိုမိုရရှိကာ နိုင်ငံတော်အနေဖြင့်လည်း ရသင့်ရထိုက်သော အခွန်ငွေများ ရရှိလာမည်ဖြစ်ကြောင်း၊ ယခုထုတ်ပေးထားသော တန်ဖိုးရှိသည့် မြေငှားဂရန်များကို မပျောက်မပျက်၊ မပျက်စီးအောင် စနစ်တကျထိန်းသိမ်းရမည့် တာဝန်မှာ ကျေးလက်နေပြည်သူများ၏ တာဝန်သာဖြစ်ကြောင်း´´ ရှင်းလင်းပြောကြားကြောင်းသိရသည်။

ဆက်လက်၍ နမ့်ခုတ်ကျေးရွာ မြေငှားဂရန်များကို ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးခွန်အောင်ကျော်၊ တောင်ကြီးခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်အံ့မောင်၊ ဟိုပုံးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်နှင့် တာဝန်ရှိသူများမှ ပေးအပ်ရာ ကျေးရွာဒေသခံပြည်သူများက လက်ခံရယူ၍ ရပ်မိရပ်ဖတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားကြောင်းသိရှိရသည်။

အဆိုပါမြေငှားဂရန်ပေးအပ်မှုကို ဟိုပုံးမြို့နယ်အတွင်း လွယ်အွန့်ကျေးရွာ၌ ပထမအကြိမ်၊ ဒုတိယအကြိမ်အဖြစ် နမ့်ခုတ်ကျေးရွာ တွင် မြေငှားဂရန်များကို ဒေသခံပြည်သူ (၂၃၆)ဦးအား ထုတ်ပေးခဲ့ကြောင်း သိရှိရသည်။

နန်းဦးခမ်း (ဟိုပုံး)

Powered by Blogger.