Friday, January 27, 2017

ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးလုပ်ငန်းကော်မတီ အစည်းအဝေး ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၂၇) ရက်


ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးလုပ်ငန်းကော်မတီ အစည်းအဝေးကို ဒီကနေ့ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီ(၂၇)ရက်၊ သောကြာနေ့၊ တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့(PNLO-ဆက်ဆံရေးရုံး)တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။
အဆိုပါ အစည်းအဝေးပွဲတွင် လာမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁-ရာစု ပင်လုံညီလာခံ) မတိုင်ခင် ကျင်းပသွားနိုင်ရန် ရည်ရွယ်၍ ယခုလက်ရှိ ပအိုဝ်းလူမျိုးနေထိုင်ရာ ဒေသအလိုက် ပြုလုပ်ကျင်းပလျက်ရှိသော အမျိုးသားအဆင့်နိုင်ငံရေး(အကြို) လူထုတွေ့ဆုံဆွေးနွေးပွဲများ၏ အားနည်းချက်၊ အားသာချက်များကို ပြန်လည်သုံးသပ်ခဲ့ကြပါသည်။
ထို့နောက် ရရှိသော အားသာချက်၊ အားနည်းချက်များကို အစီရင်ခံစာပြုစု၍ ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးကော်မတီနှင့် ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ  အကြံပေးအဖွဲ့ကို တင်ပြသွားမည် ဖြစ်သည်။
ပအိုဝ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ(အကြို)များကို ပအိုဝ်းလူမျိုးများ နေထိုင်ရာ ရှမ်းပြည်နယ်တွင် ပင်လုံ၊ ဆိုက်ခေါဝ်၊ ရပ်စောက်၊ အောင်ပန်းနှင့် အောက်ပြည်တွင် ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် ပြုလုပ်ကျင်းပခဲ့ပြီး ထို့ပြင် မောက်မယ် ဒေသတွင် ဆက်လက်ပြုလုပ်ရန် ရှိကြောင်း သိရှိရပါသည်။

နဂါ့ခွန်

Powered by Blogger.