၁၇.၁.၂၀၁၇ (အင်္ဂါနေ့) နံနက်(၁၀း၀၀) အချိန်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ရုံးတွင် ပအိုဝ်းအမျိုးသားနေ့တပေါင်းပွဲတော်နှင့် ပအိုဝ်းတိုင်းရင်းသားစာပေ သင်ကြားနိုင်ရေးအတွက် အစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဟိုပုံးမြို့နယ် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ဥက္ကဌ ဦးခွန်မောင်ဖြူ မှတက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
အမှာစကားပြောကြားရာတွင် ၂၀၁၆-၂၀၁၇ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ပအိုဝ်းတိုင်းရင်းသားစာပေသင်ကြားမှု အခြေအနေများ၊ သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများ၊ ကလေးသူငယ်များအတွက် ပညာရည်ချွန်ဆုများ၊ အဆို၊ အကများ၊ ကလေးသူငယ်များ၏ပညာရေးအဆင့်အတန်းမြင့်မားလာအောင် နှိုးဆော်ချီးမြှောက်သင့်ကြောင်း၊ ပအိုဝ်းတိုင်းရင်းသားစာပေ သင်ကြားရေးအခြေအနေနှင့် အမှန်တကယ်တတ်မြောက်ရန် လိုအပ်ကြောင်းနှင့် ပအိုဝ်းအမျိုးသားပွဲတော်အတွက် အမျိုးသားယဉ်ကျေးမှု အဆို၊ အတီး၊ အကများကို ကြိုတင်ပြင်ဆင်သင့်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိဒေသ ခံပြည်သူများက ကလေးသူငယ်များ တိုင်းရင်းသားစာပေသင်ကြားရေးတွင် စိတ်ဝင်စားစေရန် ဟောပြောပွဲများ ကျင်းပပြုလုပ်ရန်အတွက် ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။ အဆိုပါ ဟောပြောပွဲကို ၂၃-၁-၂၀၁၇ ရက်နေ့တွင် ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာအုပ်စု၊ ကျောက္ကချားကျေးရွာတွင်လည်ကောင်း၊ ၂၅-၁-၂၀၁၇-ရက်နေ့တွင် ဟိုပုံးမြို့နယ်၊ လုံခုတ်ကျေးရွာအုပ်စု၊ ပါပန့်ကျေးရွာတွင်လည်းကောင်း ကျင်းပပြုလုပ်ရန် လျာထားလျက်ရှိကြောင်း သတင်းရရှိပါသည်။
ခွန်မင်းအိမ်ခန့်
Like On Facebook
Follow On Twitter
Subscribe On RSS