Tuesday, February 21, 2017

အောင်မြင်မှု “လမ်း”ဆီသို့

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂) ရက်


နေရာတစ်နေရာမှ တစ်နေရာသို့ ကူးပြောင်းသွားလာရန် ဆက်သွယ်ပေးသည့်အရာသည် “လမ်း” ပင်ဖြစ်သည်။ တစ်နည်းဆိုသော် လမ်းဆိုသည့်အရာမှာ နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ စာပေနှင့် ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို အခြားနိုင်ငံမှ သိရှိစေရန်၊ ကူးသန်းရောင်းဝယ်ရေးအ ဆင်ပြေစေရန်နှင့် နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံအပြန်အလှန်အကျိုးပြုနိုင်အောင် လုပ်ဆောင်ပေးသည့် အရာ တစ်ခုဟုဆိုလျှင်လည်း မှားမည်မဟုတ်ပေ။ လမ်းများကိုခွဲခြမ်းလေ့လာကြည့်ရာတွင် လူသွားလမ်း၊ ကားလမ်း၊ မီးရထားလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းစသဖြင့် လမ်းအမျိုးမျိုးတွေ့ရသည်။ လမ်းများသည် အရည်အသွေးပြည့်ဝပြီး ကောင်းမွန်ရန်လည်းလိုအပ်ပေသည်။ လမ်းများကောင်းမွန်မှသာလျှင် မိမိရောက်လို သည့်ပန်းတိုင်ကို အခက်အခဲမရှိဘဲ အဆင်ပြေချော့မွေ့စွာရောက်ရှိနိုင်မည်ဖြစ်သည်။ အလားတူပင် လူ့လောက တွင်လည်း မိမိတို့လျှောက်ရမည့် လမ်းအမျိုးမျိုးရှိသည်။
အောင်မြင်မှုဆီသို့ ဦးတည်သောလမ်း၊ ရှုံးနိမ့်ခြင်းဆီသို့ ဦးတည်သောလမ်း၊ အကောင်းဘက်သို့ ဦးတည်သော လမ်း၊ အဆိုးဘက်သို့ ဦးတည်သောလမ်း၊ နိဗ္ဗာန်သို့ သွားသောလမ်း၊ ငရဲသို့သွားသောလမ်းဟူ၍ လမ်းအမျိုးမျိုး ရှိသည်။ လူ့လောကတွင် လူသားအားလုံးတို့သည် မိမိတို့လူမှုဘ၀အဆင်ပြေစေရန်အတွက် မိမိတို့တတ်ကျွမ်း နားလည်သည့် ပညာရပ်ဖြင့် နေ့စဉ်လှုပ်ရှားသွားလာ နေကြရသည်။ လူလူချင်းနေ့စဉ်ရုန်းကန် လှုပ်ရှားသွားလာ နေသော်လည်း အောင်မြင်မှုရရှိသောသူများရှိသကဲ့သို့ ရှုံးနိမ့်သောသူလည်းရှိသည်။ ထို့ကြောင့် ရှုံးနိမ့်မှုများနှင့် မရင်ဆိုင်ရဘဲ အောင်မြင်မှုများရရှိအောင် လမ်းကြောင်မှန်ကို ရွေးချယ်တတ်ရန်လည်း အထူးလိုအပ်ပေသည်။ ဤကဲ့သို့သော လမ်းကြောင်းမှန်ကိုရွေးချယ်နိုင်ရန် အတွက် မိမိထံတွင်ရှိသင့်ရှိထိုက်သည့် အရည်အချင်းများနှင့် ကံ၊ ပတ်ဝန်းကျင်၊ အသိုင်းအ၀ိုင်း ကောင်းမွန် ရန်လိုအပ်သည့်အပြင် ဇွဲ၊ လုံ့လ၊ ဝီရိယ၊ သတ္တိ၊ ခွန်အား စသည့်အရာများလည်း မိမိထံတွင် ရှိရန်လိုအပ် ပေသည်။ သို့မှသာလျှင်မိမိရောက်လိုသည့် ပန်းတိုင်ကို ရောက်ရှိနိုင်မည်ဖြစ်သည်။ လူတိုင်းတွင် အနည်းဆုံး အိပ်မက်တစ်ခုဆီရှိကြမည်ဖြစ်သည်။ အိပ်မက်ဟု ဆိုရာတွင် စိတ်ကူးယဉ်အိပ်မက်မျိုးမဟုတ်ဘဲ လက်တွေ့ကျသော အိပ်မက်မျိုးဖြစ်ရန်လည်းလိုအပ်ပြီး လက်တွေ့  အကောင်အထည်ဖော်နိုင်အောင် ကြိုးစားရမည် ဖြစ်သည်။ မိမိ၏အိပ်မက်ကို အကောင်အထည်ဖော်သည့် အချိန်တွင်လည်း အနည်းနှင့်အများ အခက်အခဲများ နှင့်ရင်ဆိုင်ကြုံတွေ့ကြရမည်ပင်ဖြစ်သည်။
ထိုကြောင့် မိမိလျှောက်လိုသည့် အောင်မြင်မှုလမ်းဆီသို့ ရောက်ရှိ နိုင်ရန်အတွက် မည်သည့်အခက်အခဲများနှင့် ကြုံတွေ့စေကာမူ နောက်မဆုတ်ဘဲ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ သတ္တိအပြည့် ဖြင့် လျှောက်လှမ်းမှသာလျှင် အောင်မြင်မှုပန်းတိုင်ကို ဆွတ်ခူးရရှိနိုင်မည်ဖြစ်သည်။ မိမိပတ်ဝန်းကျင်တွင် တွေ့ရသော လူသားများသည် ရှုံးနိမ့်ခြင်းကိုအံမတုဘဲ လက်မြောက်အရှုံးပေးနေကြသည်ကို အများအားဖြင့်တွေ့ရှိ နေရသည်။ တစ်ခါရှုံးနိမ့်တိုင်း လက်မြောက်အရှုံးပေးမည်ဆိုပါက အဘယ်မှာအောင်မြင်မှုကို ရရှိနိုင်မည်နည်း။ ရှုံးနိမ့်ခြင်းကို လူတိုင်းကြုံဖူးကြမည်ပင်ဖြစ်သည်။ ထို့ကြောင့်မည်မျှပင်ရှုံးနိမ့်ခြင်းနှင့် ရင်ဆိုင်ရစေကာမူ ထပ်ခါထပ်ခါ ကြိုးစားပါက နောက်ဆုံးမိမိရောက်လိုသည့် အောင်မြင်မှုပန်းတိုင်ကို ရောက်ရှိနိုင်မည်ပင်ဖြစ်သည်။
မိမိတို့လျှောက်သည့် အောင်မြင်မှုလမ်းကြောင်းပေါ်ကိုရောက်ရှိနိုင်အောင် လမ်းပြပေးမည့်သူ ရှိရန်လိုအပ်သည့် အပြင် မိမိလျှောက်သည့်အောင်မြင်မှုလမ်းကြောင်းပေါ်မှ လွှဲချော်ခဲ့လျှင်လည်း လမ်းကြောင်းမှန်ကိုပြန်တည့် မတ်ပေးမည့်သူ ရှိရန်လည်းလိုအပ်ပေသည်။ ထို့ကြောင့် လူကြီးမိဘ၊ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတို့၏ ဆိုဆုံးမစကားကို တသွေမတိမ်းလိုက်နာပြုမူဆောင်ရွက်မှသာလျှင် မိမိတို့လျှောက်လိုသော အောင်မြင်မှု လမ်းဆီသို့ ရောက်ရှိနိုင်မည်ဖြစ်သည်။ လူသားအားလုံးတို့မွေးဖွားလာပုံချင်းသည် အတူတူပင် ဖြစ်သည်။ မည်သူမျှ အောင်မြင်သောသူ၊ ရှုံးနိမ့်သောသူအဖြစ် မွေးဖွားလာခြင်းမဟုတ်ပါ။ ပတ်ဝန်းကျင်၊ အသိုင်းအဝိုင်း၊ ကံစသည့် အရာများကွဲပြားချင်ကွဲပြားမည်။ သို့သော် အသိုင်းအဝိုင်း၊ ပတ်ဝန်းကျင်ကောင်းမွန်ပြီး ရည်မှန်းချက် ပန်းတိုင်၊ ဖြစ်ချင်သည့်စိတ်၊ ဇွဲ၊ လုံ့လမရှိလျှင်လည်း အောင်မြင်သောသူတစ်ယောက် ဖြစ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ယနေ့ မှစ၍ “ဖြစ်ရမည်ဆိုသည့်စိတ်ကိုမွေးပြီး အောင်မြင်ခြင်းများပွင့်ဝေသည့် လမ်းများဆီသို့ အားလုံးလက်တွဲ လျှောက်လှမ်းကြပါစို့”။

ခွန်ကျေားခေါင်း
ထီရီးဟော်ထို

Powered by Blogger.