Monday, February 6, 2017

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ လွယ်မန်းကျေးရွာတွင် အခြေခံစာတတ်မြောက်ရေးလှုပ်ရှားမှုသင်တန်းပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၆) ရက်


ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ဘန်းဗွီးကျေးရွာအုပ်စု၊ လွယ်မန်းကျေးရွာ အခြေခံပညာ မူလတန်း(မူလွန်)ကျောင်းတွင် ပညာရေးဝန်ကြီးဌာနနှင့် ယူနီဆက်တို့ ကြီးမှူး၍ ကျောင်းပြင်ပနှင့်ပညာရေး သုတေသနဌာန ကအကောင်အထည်ဖော် ဆောင်ရွက်သော “အခြေခံစာတတ်မြောက်ရေးလှုပ်ရှားမှုသင်တန်း” ကို ၂၀၁၇-ခုနှစ်၊ ဇန်နဝါရီလ(၁၂)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၁)ရက်နေ့အထိ ကျောင်းပိတ်ရက်နေ့တိုင်း သင်ကြားပေးလျက်ရှိကြောင်း သိရှိရပါသည်။

အဆိုပါ အခြေခံစာတတ်မြောက်ရေးလှုပ်ခြားမှုသင်တန်းကို စာသင်ဝိုင်း(၁ဝ)ဝိုင်းစုဖွဲ့၍ အမကမူလွန် လွယ်မန်းကျေးရွာမှ ဆရာမကြီးဒေါ်လှိုင်ရီရီထွန်းက စာသင်ဝိုင်းကို ကြီးကြပ်ပေးပြီး ဆရာမဒေါ်အေးအေးခိုင်၊ ဒေါ်မေသင်္ကြန်မိုး၊ ဒေါ်စုပြည့်ဖြိုး၊ ဒေါ်နန်းခမ်းလေ၊ ဒေါ်သင်းသင်းမာ၊ ဒေါ်မီမီကျော်၊ဒေါ်နန်းမြမြစိမ်း၊ ဒေါ်နန်းမြင့်လွင်၊ ဒေါ်နန်းရှမ်လေး၊ ဒေါ်နန်းလေကျူတို့က တာဝန်ယူသင်ကြားပေးလျက်ရှိကြောင်း သိရှိရပါသည်။

ထိုစာသင်ဝိုင်းတွင် မြန်မာနှင့် သင်္ချာနှစ်ဘာသာဖြင့် သင်ကြားပေးပြီး“ရွာသူရွာသားများနှင့်ဆရာမများရင်းနှီးမှုရ ပါကြောင်း၊ စာမတတ်သူများကို သင်ရပြီး ဖတ်တတ်ရေးတတ်လာချိန်တွင် ပင်ပန်းပေမဲ့ ဝမ်းသာပီတိဖြစ်ရကြောင်း၊ စာတတ်မြောက်ရေးလှုပ်ရှားမှု တိုးပွားလာလေ စာမတတ်မှုပပျောက်ပြီး ကျေးလက်ပြည်သူများ အသိဥာဏ်ဖွံ့ဖြိုးလာသည့်အတွက် များများဆောင်ရွက်ပေးဖို့ အကြံပြုပါကြောင်း၊ တိုင်းရင်းသားဖြစ်သည့် အတွက် ဘာသာစကားနားလည်မှုမရှိ၍ သင်ကြားရေးတွင်ခက်ခဲမှုရှိကြောင်း ဒီလိုသင်တန်းမျိုးဟာ စာမတတ်တဲ့ရွာတွေမှာသာ သင်ကြားပေးပြီး စာမတတ်တဲ့သူများ မရှိတဲ့ရွာတွေမှာ သင်ကြားမှုမရှိကြောင်း” စာသင်ဝိုင်း ဆရာမများကပြောကြားခဲ့သည်။

စာသင်ဝိုင်းကို တက်ရောက်သင်ယူကြသော ရွာသူ/ရွာသားများက“ ဆရာမတို့အဖွဲ့သင်ကြားပေးတာ အရမ်းကောင်းပါတယ်၊ မိမိတို့ကအသက်ကြီးလေတော့ စာတတ်ဖို့ခက်ခဲလာပြီလေ ဗမာစကားနဲ့ဆိုတော့ နည်းနည်းပဲနားလည်တယ် ဖတ်တာရေးတာတို့ ဆရာမရှေ့မှာဆိုတတ်တာ အိမ်ပြန်တဲ့အခါ ကိုယ့်ဟာနဲ့ကို ရေးကြည့်ဖတ်ကြည့်တယ် မတတ်တော့ဘူး ဆရာမက အိမ်စာတွေပေးတယ် ရွာမှာမီးမရှိတော့ မမြင်ရဘူး အသက်ကြီးပြီလေ ဘာပဲဖြစ်ဖြစ် တတ်မြောက်အောင်တော့ ကြိုးစားပြီး ဆက်လက်သင်ယူမယ်”လို့ ပြောကြားခဲ့သည်။

အခြေခံစာတတ်မြောက်ရေးလှုပ်ခြားမှု သင်တန်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များမှာ-မြန်မာနိုင်ငံတွင် နေထိုင်ကြသောသူတိုင်း အချိန်တိုအတွင်း စာရေး၊ စာဖတ် အမြန်ဆုံးတတ်မြောက်စေရန်။ စာဖတ်၊ စာရေးကို မြန်မြန်နှင့်မြဲမြဲစွဲသွားအောင်သင်ယူနိုင်စေရန်။ စာဖတ်စာရေးသင်ယူလေ့ကျင့်စဉ်၌ပင် အသိပညာအတတ်ပညာ ဗဟုသုတအတွေးအခေါ်တိုးပွားစေရန်ဖြစ်သည်။

ထိုစာသင်ဝိုင်းသို့ ရွာသူ/ရွာသား စုစုပေါင်း တစ်ရာကျော် တက်ရောက်သင်ယူလျက်ရှိကြောင်း သတင်းရရှိသည်။

ခွန်အောင်ထွိုက်ဗွေ
Powered by Blogger.