Friday, March 24, 2017

ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တွင် ရရှိလာသော ပအိုဝ်းဒေသ လူမှုဆိုင်ရာ တာဝန်သိခရီးသွားလုပ်ငန်းဆုနှင့် ပတ်သက်၍ သတင်းစာရှင်းပွဲပြုလုပ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ မတ်လ (၂၄) ရက်





ပအိုဝ်းဒေသကျေးရွာလူထုပူးပေါင်းပါဝင်သော ခရီးသွားလုပ်ငန်း (Community Involved Tourism Pa-O Region (CITPAR) သည် ဂျာမနီနိုင်ငံ၊ ဘာလင်မြို့၌ ပြုလုပ်သော ITB Berlin 2017 နိုင်ငံတကာခရီးသွားပြပွဲတွင် ဂျာမနီနိုင်ငံအခြေစိုက်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ပေးအပ်သော လူမှုဆိုင်ရာ တာဝန်သိခရီးသွားလုပ်ငန်းဆုရရှိခြင်းနှင့် ပတ်သက်၍  ဒီကနေ့ ၂၀၁၇ခုနှစ်၊ မတ်လ(၂၄)ရက်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးတွင် သတင်းစာရှင်းပွဲပြုလုပ်ကျင်းပခဲ့ပါသည်။
ထိုသို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခြင်းနှင့် ပတ်သက်၍ CITPAR မန်နေဂျာ  ခွန်ထွန်းဦးက “ကျွန်တော်တို့က ဂျာမနီနိုင်ငံ ဘာလင်မြို့ နိုင်ငံတကာခရီးသွားလုပ်ငန်းပြပွဲမှာ TO DO! 2017 မှ ချီးမြှင့်ခဲ့တဲ့ လူမှုဆိုင်ရာ တာဝန်သိခရီးသွားလုပ်ငန်း Winner Awards ဆုကို ကျွန်တော်တို့ ပအိုဝ်းဒေသ ကျေးရွာလူထု ပူးပေါင်းပါဝင်သော ခရီးသွားလုပ်ငန်း Community Involved Tourism Pa-O Region (CITPAR) ရရှိခဲ့တာနဲ့ ပတ်သက်ပြီး သတင်းမီဒီယာများနှင့် အခြားစိတ်ဝင်စားသူများ သိအောင် ရှင်းလင်းပွဲပြုလုပ်ရခြင်းဖြစ်တယ်” ဟု ပြောကြားခဲ့သည်။
အဆိုပါ ဆုကို မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် သော်လည်းကောင်း၊ မိမိတို့ရှမ်းပြည်နယ်အတွက် သော်လည်းကောင်း၊ မိမိတို့ ပအိုဝ်းတစ်မျိုးသားလုံးအတွက် သော်လည်းကောင်း ဆွတ်ခူးရရှိခဲ့ပြီး မိမိတို့ အဖွဲ့အစည်း တစ်တည်းအတွက်မဟုတ်ရပါကြောင်း၊ ဒေသတွင် CIT ခရီးသွားလုပ်ငန်း ရှိခြင်းအားဖြင့် မိမိတို့၏ ရိုးရာယဉ်ကျေးမှုကို အမြဲတမ်းရှင်သန်နေစေခြင်းနှင့် တန်ဖိုးထားတတ်လာခြင်း၊  ရိုးယာလက်မှု လုပ်ငန်းနှင့် ၀တ်စားဆင်ယင်မှုကို ပြန်လည်ထိန်းသိမ်းမြတ်နိုးတတ်လာခြင်း၊ ဒေသခံများလည်း ခရီးသွား လုပ်ငန်းမှ အပိုဝင်ငွေ ရရှိနိုင်စေခြင်း၊ လူငယ်နှင့် အမျိုးသမီးများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ လက်ဆင့်ကမ်း ပံ့ပိုးပေးနိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့်သဘာဝအရင်းအမြစ်များကို နောင်လာနောင်သား များအတွက် တန်ဖိုးထားထိန်းသိမ်းတတ်လာခြင်း စသည့်အကျိုးတရားများ ရရှိနိုင် ကြောင်း ခွန်ထွန်းဦးက ဆက်ပြောပါသည်။
ပအိုဝ်းဒေသ လူထုပူးပေါင်းပါဝင်သော ခရီးသွားလုပ်ငန်း (CITPAR)သည် ၂၀၁၇ခုနှစ်၊ မတ်လ (၉)ရက်နေ့တွင် ဂျာမနီနိုင်ငံ၌ နိုင်ငံတကာမှ ပေးအပ်သော လူမှုဆိုင်ရာ တာဝန်သိခရီးသွားလုပ်ငန်းဆုနှင့် ဇန်န၀ါရီလ(၂၀)ရက်နေ့တွင် စကာင်္ပူနိုင်ငံ၌ ASEAN Standard Award ဆုကိုလည်း ရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ ဆုရရှိခြင်းနှင့် ပတ်သက်၍ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဦးစီးဌာန (တောင်ကြီး)မှ လက်ထောက် ညွန်ကြားရေးမှူး ဦးဝင်းအောင်က “အခုလို ကိုယ့်နေရာကိုယ်ဒေသက  မြန်မာနိုင်ငံမှာ နိုင်ငံတကာကပေးတဲ့ ဆုကို ရရှိတဲ့အတွက် အရမ်းဘဲ ဂုဏ်ယူဝမ်းသာပါတယ်၊ နောက်နှောင်လည်း ကျွန်တော်တို့ဒေသ ဒီထက်ပိုကောင်းအောင် ကူညီဆောင်ရွက်သွားပါ့မယ်” ဟု ပြောကြားပြီး “ဘယ်အလုပ်မဆို အကောင်းအနဲ့အဆို ဒွန်တွဲရှိနေတတ်ပါတယ်၊ အထူးသဖြင့် နိုင်ငံခြားသားက လာတဲ့ ဧည့်သည်တွေက သူတို့ယဉ်ကျေးမှုက ကျွန်တော်တို့နဲ့ မတူနိုင်ဘူး၊ ကျွန်တော်တို့ အတုယူမှု မမှားဖို့ လိုအပ်တယ်၊ ဒါကြောင့် ကျွန်တော်တို့ ယဉ်ကျေးမှု မပပျောက်အောင် ထိန်းသိမ်းနိုင်ရမယ်” ဟု သတိပေး ပြောကြားသွားပါသည်။
ထို့ပြင် GIZ မှ နည်းပညာရှင် မြတ်မြတ်မိုးက “ကျွန်မတို့အားလုံး အကျိုးအမြတ်မကြည့်ဘဲ၊ နှလုံးသားနဲ့ အလုပ်လုပ်ခဲ့လို့၊ စေတနာအကျိုးပေးလို့ ဒီဆုကို ရခဲ့တာပါ၊ ဒါကြောင့် အလွန်ပင် ၀မ်းသာပါတယ်”ဟု ပြောကြားသွားပါသည်။
လူထုပူးပေါင်းပါဝင်သော ခရီးသွားလုပ်ငန်း(CIT)ကို လက်ရှိတွင် အထူဒေသ(၆) အင်းနီ၊ ထီနဲ့ စသည့် ကျေးရွာများတွင် ဆောင်ရွက်လျက်ရှိပြီး ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်းနှင့် အခြားသော နေရာများတွင် လုပ်ဆောင်ရန် ရှိကြောင်း သိရှိရပါသည်။

ခွန်ထင်;လေအောင်;

Powered by Blogger.