Tuesday, March 28, 2017

လူချစ်လူခင်ပေါစေချင်ရင် ပြုံးပါရွှင်ပါ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ မတ်လ (၂၈) ရက်


လူချစ်လူခင်ပေါတဲ့ လူပျော်တွေတွေ့ရင် အားကျမိပါသလား။ သင်လည်း လူချစ်လူခင်ပေါအောင် စွမ်းဆောင်နိုင်ပါတယ်။ လူတိုင်းကသင့်ကို စကားပြောလာပါလိမ့်မယ်၊ ဦးစားပေးလာမယ်။ အသိမိတ်ဆွေတွေပေါလာမယ်။ လူချစ်လူခင်ပေါများအောင်နေတတ်တဲ့ဥာဏ်က လူတိုင်းမှာမရှိပါဘူး။ လူနည်းစုပဲ ကျွမ်းကျင်တတ်မြောက်တတ်ကြပါတယ်။ သူတို့နဲ့လူတိုင်းက ခင်ချင်ကြမှာပါပဲ။ လူအများစုသည် ကြည်နူး သာယာပျော်ရွှင်စေဖို့ နာရီ၊ မိနစ်၊ စက္ကန့်မခြား ရှာဖွေနေကြပါသည်။ ဒီတော့သင်လည်း ခုပြောပြပေးမယ့် အချက်အလက်တွေရဲ့ အကူအညီနဲ့ လူချစ်လူခင်ပေါလာဖို့ အောက်ပါနည်းဖြင့် ခုပဲစလုပ်လိုက်ကြပါစို့ -

၁။ ပြုံးပါ နွေးထွေးပါ
ပြုံးခြင်းသည် ပြီးပြည့်စုံတဲ့ ပထမခြေလှမ်းပါပဲ။ တစ်ချိန်လုံးမျက်နှာကြီးစူပုတ်ပြီး စိတ်တိုမနေပါနဲ့။ သင်ကိုယ်တိုင် ပြုံးပျော်နေမယ်ဆိုရင် သင့်အပြုံးပျော်တွေက ပတ်ဝန်းကျင်ကို အဆင့်ဆင့်ကူးစက်ပျံနှံသွားပါတယ်။

၂။ ကောင်းကောင်းမွန်မွန် ဆက်သွယ်ပြောဆိုပါ
ကိုယ်ရေးကိုယ်တာ ဝင်ရောက်စွက်ဖက်တာမျိုးမလုပ်ဘဲ စိတ်ဝင်စားစရာကောင်းတဲ့ စကားတွေ ပြောပါ။ သင်သိထားတာတွေ၊ သင်ပြောချင်တာတွေကို ဦးစားမပေးပါနဲ့၊ တဖက်လူရဲ့စကားကို နားထောင်ချင်စိတ်ရှိပြီး အဲ့ဒီအပေါ်မှာ ပျော်မွေ့စွာ လိုက်လျောညီထွေပြောပေးပါ။

၃။ တဖက်လူရဲ့ ဆိုလိုရင်းကို စဉ်းစားပါ
ကျွန်တော်တို့အများစုဟာ ကိုယ့်အမြင်ကိုပဲ ဦးစားပေးတတ်ကြပြီး တဖက်လူ၏အမြင်ကို ဦးစားမပေးတာမှန်ပေမဲ့ တဖက်လူက ဘယ်လိုတွေးမိပြီး ဘယ်လိုဆိုလိုရင်းရှိတယ်ဆိုတာကို စဉ်းစားပေးသင့်ပါတယ်။ ဒါကြောင့်လူချစ်လူခင်ပေါချင်တယ်ဆိုရင် တဖက်လူကိုဦးစားပေးပါ။

၎။ ရန်မလိုပါနဲ့
သင့်ရဲ့တုံ့ပြန်ပြောဆိုမှုတွေမှာ ရန်လိုတာ၊ ရိုင်းစိုင်းတဲ့အမူအရာမျိုးမဖြစ်အောင် သတိထားရပါမယ်။ လူတော်တော်များများဟာ တဖက်လူကို အရှက်ခွဲလိုက်ရရင်၊ အားငယ်အောင် ပြောလိုက်ရရင်၊ သာယာသွား တတ်ကြပါတယ်။ အဲ့ဒီလိုလူမျိုးမဖြစ်ပါစေနဲ့။

၅။ ကိုယ့်ကိုကိုယ် ယုံကြည်ချက်အပြည့်ရှိပါ
မာနတခွဲသားနဲ့ နေဖို့တော့မသင့် သင့်ကိုယ်သင် ယုံကြည်ချက်အပြည့်ရှိပြီး မာနစိတ်ထားတတ်ပါလိမ့်မယ်။ သင်တစ်လငွေဘယ်လောက်ရှာနိုင်တာ၊ သင်ဘာဘွဲ့ထူး၊ ဂုဏ်ထူးတွေရထားတာတွေအပေါ်မှာ ဂုဏ်ယူမိနေပါလိမ့်မယ်။ ဒါပေမဲ့ တခြားလူတွေနဲ့ ဆက်ဆံတဲ့အခါမှာ ဒါတွေသိအောင် ချပြစရာမလိုပါဘူး။ စိတ်အတွင်းမှာသာ မာနရှိပါ။ ဒါပေမဲ့ လူအများသိအောင် ချပြစရာမလိုပါဘူး။ ထုတ်ပြောစရာမလိုအောင် သိကြပါလိမ့်မယ်။

၆။ အကောင်းမြင်စိတ်ရှိပါ
ပျော်ပျော်နေပါ အဆိုးတွေကို မြင်ယောင်မနေပါနဲ့၊ သင့်ဘဝရဲ့ပျော်စရာ အခိုက်အတန့်လေးတွေကို သင့်ပတ်ဝန်းကျင်မှာ ဝေငှပျော်ပေးလိုက်ပါ။ ပျော်ပျော်နေတတ်တဲ့လူရဲ့မျက်လုံးကတောက်ပြီး မိတ်ဆွေ တွေကိုဆွဲခေါ်လေ့ရှိတယ်၊ လေးစားစေခြင်းလဲဖြစ်ပါတယ်။

၇။ လူတိုင်းကို လေးစားပါ
ပတ်ဝန်းကျင်ကကိုယ့်အပေါ် လေးစားနေသရွေ့ပေါ့။ လူချစ်လူခင်ပေါများဖို့ သင့်ပတ်ဝန်းကျင်က လူတိုင်းကိုလေးစားသမှုရှိရပါမယ်။ သင့်ကိုစောင့်ကြည့်နေတဲ့ တစ်စုံတစ်ယောက်ဟာ သင့်အနားမှာ အမြဲရှိနေတယ်လို့ သိထားပါ။ သူတို့တွေကို တစ်ယောက်နဲ့တစ်ယောက်ထက်ပိုပြီး အလေးပေးဆက်ဆံတာ မရှိရသလို နှိမ့်ချပြီးဆက်ဆံတာမျိုးလဲ မလုပ်ရပါဘူး။

၈။ သဘောလွယ်တဲ့သူ မဖြစ်ပါစေနဲ့
သင်သာကောင်းနေရင် ခေါင်းမရွေ့ပါဘူး၊ ရိုင်းစရာရှိလာရင်လည်း ရိုင်းလိုက်ပေါ့၊ ဒါပေမဲ့ သင့်ဒေါ သနဲ့ရိုင်းစိုင်းမှုက တရားမျှတမှုရှိနေရမယ်။ ဒါဆိုရင်တော့ သင့်ကိုအလေးထားလာမယ်၊ သင်ဟာလူကောင်း တစ်ယောက်ပဲလို့ ဆက်တွေ့မြင်နေကြမယ်၊ ဆက်ပြီးလေးစားနေနိုင်ကြမယ်ဖြစ်ပါတယ်။

၉။ ရယ်သာရယ်ပါ
ချစ်စရာကောင်းတဲ့ ရယ်ခြင်းမျိုးကို လူတိုင်းနှစ်ခြိုက်ပါတယ်။ ဘဝကိုပျော်ပိုက်၊ တခြားသူတွေနဲ့ အချိန်သုံးပြီး အဲ့ဒီအပြုံးအရယ်မျိုးနဲ့လည်း ရယ်သာရယ်၊ ပျော်စရာကောင်းအောင်နေပြီး ခပ်ကျယ်ကျယ်သာ ရယ်ချပလိုက်၊ သင်နေ့စဉ်ဘဝမှာ သင့်ရဲ့ပျော်စရာ အရယ်အပြုံးကြောင့် လူချစ်လူခင်ပေါများပြီး ပိုပျော်ဖို့ ကောင်းလာပါလိမ့်မယ်ဟု အလေးအနက်ယုံကြည်ပြီး စာရေးသူအနေနဲ့လဲ လူချစ်လူခင်ပေါများလာအောင် ဆက်လက်ကြိုးစားပြုံရယ်သွားအုံးမည်ဖြစ်ကြောင်း အကြံပြုလိုက်ရပါသည်။

လွန်းလွို
ခမ်းလွယ်လုံ(ပင်လောင်;)
Powered by Blogger.