Monday, April 3, 2017

ပရဟိတရန်ပုံငွေအတွက် ဒဲဉ်သီးဗွေကွင်းတွင် စတိတ်ရှိုးပွဲကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဧပြီလ (၃) ရက်





အထူးဒေသ(၆)၊ တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်းတွင် နောင်တောင်းပရဟိတနှင့် လုံးကောင်ချိန်ခါမှီပရဟိတကျောင်းများအတွက် အဖက်ဖက်မှ အလှူရှင်များ ရန်ပုံငွေ လှူဒါန်းနိုင်ရန် (၉၉၉)ကူဘိုတာ လယ်ထွန်စက်ရောင်းဝယ်ရေးမှ ဖြားခွန်ခင်(ဦးခဉ်း)နှင့် ပအိုဝ်းအနုပညာရှင်များ ပူးပေါင်း၍ ၂၀၁၇၊ ဧပြီ(၂)ရက်နေ့၊ ညနေ(၆)နာရီတွင် စတိတ်ရှိုးပွဲအခမ်းအနားကို ကျင်းပခဲ့ပါသည်။
ထိုရှိုးပွဲတွင် ခွန်စောင်းဝဲင်း၊ ခွန်ဘာဂျ၊ ခွန်ထွန်းဖြူ၊ ခွန်ရရက်၊ ခွန်ကောင်ရွေ၊ ခွန်kမင်းသစ်၊ ခွန်ဖိုးသား၊ ခွန်ငယ်လင်း၊ နန်းရက်ပဲင့်၊ နန်းခင်ဇေယျာတို့ဦးဆောင်သည့် ပအိုဝ်းအနုပညာရှင်များမှ သီချင်းပဒေသာများဖြင့် သီဆိုဖျော်ဖြေပြီး နောင်တောင်းပရဟိတမှ ကျောင်းသား/သူများအဖွဲ့နှင့် ဆီဆိုင်အကပဒေသာအဖွဲ့မှလည်း  အကပဒေသာများဖြင့်လည်း အသီးသီး ဖျော်ဖြေခဲ့ပါကြောင်း သိရှိရပါသည်။
စတိတ်ရှိုးပွဲတွင် ညနေ(၆)နာရီစတင်ချိန်မှစ၍ ပရိသတ်အများအပြား လာရောက်ကြည့်ရှုခဲ့ကြပြီး ညသန်းခေါင် (၁း၃၀)နာရီအချိန်တွင် ပြီးဆုံးခဲ့ပါသည်။
စတိတ်ရှိုးပွဲ ဦးစီးဦးဆောင်ပြုလုပ်သူ (၉၉၉-ကူဘိုတာ လယ်ထွန်စက်ရောင်းဝယ်ရေး)ဖြားခွန်ခင်က  - ယခုလို ပြုလုပ်ရခြင်းသည် ဒေသတွင်းတောင်ပေါ်ရှိ ဒေသခံပြည်သူများဟာ စိုက်ပျိုးရေးလုပ်ငန်းများဖြင့် လုပ်ကိုင်စားသောက် နေထိုင်သည့်အတွက် မိမိတို့၏ ကလေးများကို အခြေခံအဆင့်ပညာရပ်များပင်  ပံ့ပိုးပေးဖို့ ခက်ခဲနေကြောင်း၊ များသောအားဖြင့် ပရဟိတကျောင်းများသို့သာ ပို့ဆောင်နေရကြောင်း၊ တချို့မိဘများအနေဖြင့် နိုင်ငံရပ်ခြားသို့ ထွက်သွား၍ ကျန်ရှိသည့်ကလေးများကို ပရဟိတကျောင်းများသို့ ပို့နေရကြောင်း၊ တချို့အရပ်ဒေသများမှာ မူးယစ်ဆေးကို စသုံးစွဲနေသော ကလေးများလည်းရှိနေကြောင်း၊ ထိုသို့သောကလေးများအတွက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသည် နားခိုရာ၊ ပညာရည်နို့စို့ရာနေရာဖြစ်လာကြောင်း၊ ကလေးများ ပညာရေးအခွင့်အလှမ်းများ မဆုံးရှုံးရလေအောင် ပရဟိတကျောင်းသို့ ပို့ဆောင်ပေးနေရကြောင်း။ ပရဟိတ ဆရာတော်များမှာလည်း ထိုသို့ ပညာရေးအခွင့်အလှမ်းများ ဆုံးရှုံးနေသည့် ကလေးများကို စေတနာ ၀ါသနာ အနစ်နာ နာသုံးနာအခြေခံကာ ပို့လာသည့်ကလေးများကို လက်ခံနေရကြောင်း၊  ယခု နောင်တောင်းပရဟိတကျောင်းဆိုရင် ကျောင်းသား/သူ အားလုံး (၁၈၀၀)ကျော်ရှိနေပြီး တောင်ကြီးတောင်ဘက် လုံးကောင်ချိန်ခါမှီကျောင်းဆိုရင်လည်း ကျောင်းသား/သူ (၆၀၀)ကျော်ရှိနေကြောင်း ၊ ဆရာတော်များမှာ ကြီးလေးသည့် တာဝန်များရှိနေသည့်အတွက် တစ်ဖက်တစ်လှမ်း ပရဟိတကျောင်းများအား ကူညီသည့်အနေဖြင့် အနုပညာရှင်များနှင့်ပူးပေါင်း၍ ယခုပွဲမျိုးကို စီစဉ်ကျင်းပရတာဖြစ်ကြောင်းကိုလည်း ပွဲစီစဉ်သူ ဖြားခွန်ခင် ((၉၉၉)ကူဘိုတာ လယ်ထွန်စက် ရောင်းဝယ်ရေး)က ပြောကြားသွားပါသည်။
နောက်နောင်နှစ်များတွင် တစ်နှစ်တစ်ကြိမ် ကျင်းပပြုလုပ်သွားမည်ဟု ဖြားခွန်ခင်က ပြောကြားပါသည်။

ခွန်ဓဇ

Powered by Blogger.