Sunday, May 14, 2017

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁)ရာစု ပင်လုံညီလာခံတွင် တင်ပြဆွေးနွေးရန် စုစည်းထားသော အချက်အလက်များကို ညှိနှိုင်းဆွေးနွေးရန်နှင့်ပတ်သက်၍ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုအလုပ်အမှု ဆောင် အစည်းအဝေး ပြုလုပ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ မေလ (၁၄) ၇က်





ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁)ရာစု ပင်လုံညီလာခံတွင် တင်ပြဆွေးနွေးရန် စုစည်းထားသော နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေး၊ လုံခြုံရေး၊ မြေယာနှင့်သဘာဝပတ်ဝန်းကျင်နှင့် သက်ဆိုင်သည့် အခြေခံမူများ၊ အကြောင်းအရာပါ အချက်အလက်များနှင့် ပတ်သက်၍ အတည်ပြုနိုင်ရန် ရည်ရွယ်၍  ဒီကနေ့ ၂၀၁၇ခုနှစ်၊ မေလ(၁၄)ရက်၊ တနင်္ဂနွေနေ့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုချုပ်ရုံးတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ပြုလုပ်ကျင်းပခဲ့ပါသည်။
ထိုအစည်းအဝေးသို့ ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်စင်ဖါအောင်ခမ်းထီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) နာယက ဖြားခွန်မောင်တုတ်၊ ဒေသဦးစီးဥက္ကဌ ဖြားခွန်စံလွင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေ၊ ပအိုဝ်းလူငယ်ကွန်ယက် (PYN) ဥက္ကဌ၊ ဟိုပုံးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ခွန်အောင်ကျော်နှင့် ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင်များ တက်ရောက်ကြောင်း သိရှိရသည်။
အဆိုပါ အခမ်းအနားတွင် အမျိုးသားခေါင်းဆောင် ဖြားတန်စင်ဖါအောင်ခမ်းထီက အဖွင့်အမှာစကား ပြောကြားပြီး ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)အဖွဲ့ဝင် ဖြားခွန်ထွန်းရွှေက မေလ(၁၂)ရက်တွင် UPDJC အစည်းအဝေးမှ ဆွေးနွေးခဲ့သော အကြောင်းအရာများ၊ ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံညီလာခံတွင် ဆွေးနွေးမည့် ကဏ္ဍကြီး(၅)ရပ် ဖြစ်သော နိုင်ငံရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာပါ အချက်အလက်များ ကို ခွန်အောင်နိုင်၊ စီးပွားရေးပါ အချက်အလက်ကို ခွန်ရဲအောင်၊ လူမှုရေးဆိုင်ရာပါ အချက်အလက်များကို ခွန်ခမ်းခြွိုင်တို့က အသီးသီး ရှင်းလင်းဖတ်ကြားကာ အဆိုပါ အချက်အလက်များအပေါ် ညှိနှိုင်းဆွေးနွေး အတည်ပြုခဲ့ပါသည်။
ထို့နောက် အစည်းအဝေး ဆုံးဖြတ်ချက်ကို ချမှတ်ပြီး သဘာပတိ၊ ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်စင်ဖါအောင်ခမ်းထီက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁)ရာစု ပင်လုံညီလာခံကို မေလ(၂၄)ရက်နေ့တွင် ကျင်းပ မည်ဖြစ်ပြီး အဆိုပါ ညီလာခံတွင် ဒေသအလိုက်၊ လူမျိုးအလိုက်နှင့် ပတ်သက်၍  အမျိုးသား အဆင့်နိုင်ငံရေး ဆွေးနွေးပွဲကို ပြုလုပ်ကျင်းပပြီးဖြစ်သော ချင်း၊ ကရင်၊ ပအိုဝ်းနှင့်  တနသာင်္ရီတိုင်း၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ် တို့မှ ရရှိလာသော အခြေခံအချက်အလက်များကို ဆွေးနွေးမည်ဖြစ်ကြောင်း ထိုညီလာခံတွင်  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအားလုံးကို ဖိတ်ကြားမည်ဖြစ်ကြောင်း သိရှိရသည်။

နဂ့ါခွန်



Powered by Blogger.