Sunday, June 4, 2017

အာရုံစူးစိုက်မှုဖြင့် အောင်မြင်မှုဆီသို့

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇွန်လ (၅) ရက်


မိမိကိုယ်တိုင်က အလေးအနက်ထားပြီး လုပ်ဆောင်ခဲ့ခြင်းမရှိသော အလုပ်တစ်စုံတစ်ခုထံမှ ဘာအကျိုးတရားကိုမျှ မမျှော်လင့်ပါနှင့်။ လောကမှာ လူတိုင်းသည် အလုပ်များကို လုပ်ဆောင်နေကြရသလို နောက်လည်း လုပ်ဆောင်ကြရဦးမည်ဖြစ်သည်။ လူသားတိုင်း အလုပ်တစ်ခုခုကို လုပ်ဆောင်တာချင်းတူပါလျက်နှင့် ဘာကြောင့် တချို့က ကြီးပွားတိုးတက်ကြပြီး တချို့ကမကြီးပွား မတိုးတက်ကြတာလဲ။ မည်သည့်အလုပ်မှ မလုပ်ပဲ မအောင်မြင်တာထက် လုပ်ဆောင်နေပါလျက်နှင့် မအောင်မြင်တာကတော့ စဉ်းစားစရာတစ်ခုဖြစ်နေပါသည်။

လူချင်းလည်းတူသည်၊ လုပ်ဆောင်မှုချင်းလည်းတူသည်၊ အချိန်ချင်းလည်းတူပါလျက်နှင့် အဘယ်ကြောင့် တချို့သူသာ ကြီးပွားသွားတာလဲ။ တချို့ရှိကြတယ်…တစ်ယောက်ယောက်အောင်မြင်aနတာကိုတွေ့ရင် “ ဒီကောင် အရင်က…ငါနှင့် ကျောင်းနေဖက် ဘာမှမဟုတ်ဘူး…အခုမှ ကြီးပွားတာ… ” လို့ ပြောလေ့ရှိကြတယ်။ ဘာမှမဟုတ်ပဲ ကြီးပွားသွားဖို့ဆိုတာ မဖြစ်နိုင်ပေ။ ဘာကြောင့်လဲဆိုတော့ အောင်မြင်မှုဆိုတဲ့အရာသည် ထီပေါက်သလို ရုတ်တရက်ရောက်လာသည့် အရာမဟုတ်ပေ။ ကြိုးစားအားထုတ်မှုများစွာဖြင့် တဖြည်းဖြည်းရောက်လာတတ်သော အရာပင်ဖြစ်သည်။ အတူတူလုပ်ဆောင်နေရင်း တချို့သူက အောင်မြင်ကြီးပွားသွားပြီး မိမိက မအောင်မြင်မကြီးပွားခြင်းမှာ ဘာကြောင့်လဲဆိုတာ သိဖို့လိုအပ်ပါသည်။ အဓိက အချက်ကတော့ “ အလုပ်ကို အာရုံစူးစိုက်မှုအကောင်းဆုံး ပြုလုပ်သည့်လူ ” သည်သာ အောင်မြင်သွားမည်။ ဘယ်အရာကိုမဆို အာရုံစူးစိုက်မှုအပြည့်ဖြင့် ပြုလုပ်ခြင်းကြောင့် အလုပ်ကို ပိုပြီးတော့ ကျွမ်းကျင်လာပါသည်။ ကျွမ်းကျင်မှု ရှိလာလေလေ အခွင့်အရေးနှင့် လုပ်ပိုင်ခွင့်လည်း ပိုပြီးရလာ လေလေဖြစ်သည်။ ဘာကြောင့်လည်းဆိုတော့ အလုပ်လုပ်သည့်နေရာမှာ အလုပ်ထဲကို ရာနှုန်းပြည့်စူးစိုက်ပြီးလုပ်ခြင်းဖြင့် အလုပ်ကို ကျွမ်းကျင်လာစေသည်။ ကျွမ်းကျင်မှုရှိတော့ နှစ်သက်မှုပါ ရှိလာသည်။ မိမိလုပ်ဆောင်သည့် အလုပ်ကို ကျွမ်းကျင်နှစ်သက်မှုရှိစွာနှင့် လုပ်ဆောင်နိုင်ပြီဆိုလျှင် မိမိသည် အောင်မြင်မှုလမ်းကြောင်းပေါ်ကို ရောက်ဖို့အခွင့်အရေးရသွားခြင်းဖြစ်သည်။ ထိုသို့မဟုတ်ပဲ တစ်ခုခုကို စမ်းလုပ်ကြည့်မယ်၊ လုပ်ဆောင်ကတည်းက အာရုံစူးစိုက်မှုက မပြည့်ဝတော့ ကျွမ်းကျင်မှုက မရှိ၊ ကျွမ်းကျင်မှုမရှိတော့ အခက်အခဲများကြုံလာခြင်း၊ ကြုံလာသည့်အခက်အခဲကို မဖြေရှင်းနိုင်တော့ မပျော်ရွှင်မှုတွေ ဖြစ်မည်။ မိမိလုပ်ဆောင်သည့် အလုပ်ကိုမှ ပျော်ပျော်ရွှင်ရွှင် မလုပ်ဆောင်နိုင်သည့် လူတစ်ယောက်အဖို့ အဲဒီအလုပ်မှာ အောင်မြင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါ။ ဤသည်မှာ အလုပ်လုပ်တာချင်းတူပါလျက်နှင့် အောင်မြင်မှုရခြင်း၊ မရခြင်းကို အာရုံစူးစိုက်မှုဖြင့် ပိုင်းခြားနိုင်သည်။ အာရုံစူးစိုက်မှုပြည့်ဝစွာဖြင့် မိမိအလုပ်ကို လုပ်ဆောင်သည့်သူသည် မိမိအလုပ်ကို နှစ်သက်မြတ်နိုးသည့်သူ၊ မိမိအလုပ်ကို လေးစားမှုရှိသည့်သူသည် အောင်မြင်မှု ရရှိမည့်သူလည်း ဖြစ်သည်။

လမ်းဆိုသည်မှာ မြန်ဖို့ထက် မှန်ဖို့က ပိုပြီးတော့အရေးကြီးပါသည်။ လူအထင်ကြီးအောင် ပြုလုပ်တာထက် မိမိလုပ်ရပ်က လူအထင်ကြီးစရာဖြစ်လာတာကို ပိုပြီးဂုဏ်ယူပါ။ တမင်တကာဖန်တီးပြီး ပြုလုပ်စရာမလိုပါ။ မိမိလက်ရှိ ပြုလုပ်နေသည့် အလုပ်ကိုပဲ ရာနှုန်းပြည့် အာရုံစူးစိုက်မှု အပြည့်အ၀ထားပြီးပြုလုပ်ပါက အောင်မြင်မှုနှင့် ထိုက်တန်သည့် လူဖြစ်လာမည်ဖြစ်သည်။ ရေစုန်မျှောနေသည့်သူတွေထက် ရေဆန်တက်ရသည်ကို ပိုပြီးနှစ်သက်သည့်သူသည်သာ အောင်မြင်မှုပန်းတိုင်ကို ထွေးပွေ့ထားနိုင်မည်မှာမလွှဲပါ။ ထို့ကြောင့် အောင်မြင်မှုဆီကို အရောက်လှမ်းဖို့ လုပ်ဆောင်မှုပေါ်အာရုံစူးစိုက်ကြပါစို့။

ပအိုဝ်းမူပေ(စန္တာခမ်း)
ကိုးကားချက် - သတိုးနွယ်(သင်ဘာကြောင့် ခုထိမအောင်မြင်သေးတာလဲ)
Powered by Blogger.