Wednesday, June 14, 2017

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ လေ့ကျင့်ပညာရေးရေးဌာမှ ခေါင်းဆောင်မှု(Leadership) သင်တန်းဖွင့်လှစ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇွန်လ (၁၅) ရက်





ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ လေ့ကျင့်ပညာရေးရေးဌာနမှ တောင်ကြီးမြို့နယ်၊ နောင်လေ ကျေးရွာအုပ်စု၊ စခဲကျေးရွာ၊ စခဲဘုန်းတော်ကြီးကျောင်းတွင် ခေါင်းဆောင်မှု(Leadership) သင်တန်းကို (၁၃.၆.၂၀၁၇)ရက်နေ့မှ (၁၄.၆.၂၀၁၇)ရက်နေ့ထိ (၂)ရက်ကြာ ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။ ၎င်းသင်တန်းတွင် ပထမဦးစွာ စခဲဘုန်းတော်ကြီးကျောင်း ဆရာတော် ဘဒ္ဒန္တဣန္ဒာဝုဒထံမှ ငါးပါးသီလခံယူပြီး  သြ၀ါဒစကားမြွက်ကြားရာတွင် ခေါင်းဆောင်မှုသင်တန်းသည် လူတိုင်းတက်သင့်သည့်သင်တန်းဖြစ်ပြီး ယခုလိုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ သင်တန်းလာရောက် ဖွင့်လှစ်ပေးခြင်းသည် ကောင်းမွန်ကြောင့်နှင့် သင်တန်းတက်ရောက်လာသည့် သင်တန်းသူ/သားများသည်လည်း အချိန်ပေးရသည်နှင့်တန်အောင် အားသွန်ခွန်စိုက်ကြိုးပမ်းရမည်ဖြစ်ကြောင်း မိန့်ကြားခဲ့ပါသည်။
ထို့နောက် နိုင်ငံတော်အလံ၊ ပအိုဝ်းအမျိုးသားအလံနှင့် ကျဆုံးလေပြီးသော ရဲဘော်ရဲဘက် အပေါင်းတို့ကို အလေးပြု၍ ပအိုဝ်းအမျိုးသားသီချင်းကိုသီဆိုပြီး သင်တန်းကို ဆက်လက်ဖွင့်လှစ်ခဲ့ပါသည်။ ၎င်းခေါင်းဆောင်မှု(Leadership)သင်တန်းသည် လူထုအတွင်းစကားပြောဆိုရာတွင် မိမိကိုယ်ကို ယုံကြည်မှုရှိပြီး စကားပြောကောင်းသူဖြစ်စေရန်၊ ခေါင်းဆောင် ခေါင်းဆောင်မှုနှင့်ပတ်သက်၍ သိရှိနားလည်ပြီး အနာဂါတ်တွင် မိမိတို့၏ ရပ်ရွာ၊ မြို့နယ်၊ ဒေသနှင့်တိုင်းပြည်အတွက် အများကြည်ညို လေးစားသော အရည်အချင်းပြည့်ဝသည့် ခေါင်းဆောင်များ ပေါ်ထွက်လာစေရန်နှင့် စည်းရုံးခြင်းဆိုင်ရာ ပညာရပ်များ သိရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ကြောင်းသိရှိခဲ့ရပါသည်။ ၎င်းသင်တန်းတွင် စခဲဘုန်းတော်ကြီးကျောင်း တကာများဖြစ်သော စခဲကျေးရွာ၊ ထီသုံကျေးရွာ၊ ထီအုံကျေးရွာ၊ ပညောင်ကျေးရွာ၊ ထီတဖြေကျေးရွာနှင့် မွူးရောင်ကျေးရွာမှ သင်တန်းသူ(၉)ဦး၊ သင်တန်းသား(၂၀)ဦး စုစုပေါင်း(၂၉)ဦးဖြစ်သော ကျေးရွာသူကြီး၊ ကျေးရွာလူငယ်ခေါင်းဆောင်နှင့် ရပ်ရွာတွင်းတက်ကြွလူငယ်များ တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

ခွန်တကျော; (ခါ;ပြောဝ်,ပြုံ;)

Powered by Blogger.