Wednesday, July 19, 2017

ကျေးရွာလျှပ်စစ်မီးရရှိရေးနှင့်ပတ်သက်၍ ဒေသခံများနှင့်ကွင်းဆင်းတွေ့ဆုံ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်



၂၀၁၇-ခုနှစ်၊ ဇူလိုင်လ(၁၈)ရက်နေ့(အင်္ဂါနေ့) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်း မြို့နယ်၊ နောင်တရားမြို့လျှပ်စစ်ရုံးခန်းမတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ လွှတ်တော်ရေးရာဌာနမှ ဝန်ထမ်းများ၊ လေ့ကျင့်ပညာပေးရေးဌာနမှ ဝန်ထမ်းများ၊ ပင်လောင်းမြို့နယ်၊ (ရုံးတာဝန်ခံ)၊ နောင်တရားမြို့နယ်၊ (ရုံးတာဝန်ခံ)တို့၏စီစဉ်ပေးမှုဖြင့် ပင်လောင်းမြို့နယ်၊ နမ်းပုလင်း ကျေးရွာအုပ်စု၊ ခြမ်းတောင်ရွာ၊ ခြမ်းမြောက်ရွာနှင့် ခြမ်းပင်ခွင်ရွာမှ ကျေးရွာ မီးလင်းရေးကော်မတီများ၊ ခြမ်းရွာအတွက်တင်ပြထားသော လျှပ်စစ်မီးရရှိရေးနှင့်ပတ်သက်၍ ဒေသခံများမှ စုစည်းထားသော အချက်အလက်များနှင့် ထပ်မံလိုအပ်သည့် အချက်အလက်များကို ထပ်မံကြိုတင် စုဆောင်းနိုင်ရန် အတွက် နောင်တရားမြို့နယ်၊ လျှပ်စစ်မှူး ခွန်အောင်ကြီးနှင့် တွေ့ဆုံဆွေးနွေးစေခဲ့ပါသည်။

ထိုသို့အပြန်အလှန်ဆွေးနွေးကြရာ လျှပ်စစ်မှူးခွန်အောင်ကြီးမှ လျှပ်စစ်မီး၏သဘော သဘာဝများကို အကျယ်တဝင့်ရှင်းပြပြီး “လက်ရှိအစိုးရလက်ထက်တွင် ကျေးရွာမီးလင်းရေး ကိစ္စနှင့်ပတ်သက်၍ ပင်မဓါတ်အားစနစ်မှ (၂)မိုင်နှင့်(၂)မိုင်အောက်ရှိကျေးရွာများကို ပထမအဆင့်ဟု သတ်မှတ်ထားပြီး ခြမ်းကျေးရွာသည် ပထမဆင့်တွင် စာရင်းဝင်ပြီးသားဖြစ်ကြောင်း၊ အဆိုပါ အချက်အလက် များကိုလည်း သက်ဆိုင်ရာသို့ တင်ပြထားပြီးဖြစ်ကြောင်း၊ သို့သော် အဆိုပါ (၂)မိုင်နှင့်(၂)မိုင်အောက်ရှိ ကျေးရွာများကို ပထမအဆင့်ဟုသတ်မှတ်ထားသော ကျေးရွာများကို အစိုးရမှအကောင်အထည် ဖော်ပေးသည့် ကျေးရွာများ မိမိတို့တစ်နိုင်ငံလုံးအတိုင်းအတာနှင့် အကောင်အထည်ဖော်ပေနိုင်ခြင်း မရှိသေးပါကြာင်း၊ အဆိုပါ အစိုးရမှအကောင်အထည်ဖော်ပေးသည်ကို စောင့်လိုလျှင် စိတ်ရှည်သည်းခံ ရမည်ဖြစ်ကြောင်း၊ မိမိအနေသည်လည်း အဆိုပါပထမအဆင့်တွင် ပါဝင်သောကျေးရွာအချို့ သည်လည်း မစောင့်ဆိုင်းနိုင် ခြင်းကြောင့် ကိုယ့်အားကိုယ်ကိုးဖြင့် အကောင်အထည် ဖော်ခဲ့ကြသည် လည်းရှိကြောင်း၊ ခြမ်းရွာမီးလင်းရေးကိစ္စနှင့်ပတ်သက်၍ ရွာသူရွာသားများမှ မိမိကိုလာရောက်ဆွေးနွေး တိုင်ပင်ခြင်းမရှိဖူးကြောင်း၊ နောင်အခါတွင် ဈေးသွားရင်း သော်လည်းကောင်း၊ သာရေးနာရေးသွားရင်း သော်လည်းကောင်း မိမိထံဝင်ရောက်ကာ သတင်း စကားများလာရောက်မေးမြန်းတိုင်ပင်စေလိုပါကြောင်း၊ ခြမ်းရွာ ကျေးရွာမီးလင်းရေးအတွက် လိုအပ်သော ခန့်မှန်းကုန်ကျစရိတ်များကို မိမိတို့အနေ ဖြင့် လာရောက်တွက်ချက်ပေးမည်ဖြစ်ပြီး ထွက်လာသောကုန်ကျစရိတ်များပေါ်မူတည်ပြီး အစိုးရ၏အကောင်အထည်ဖော်ပေးမှုကို စောင့်ဆိုင်း မည်လား၊ ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် ဆက်လက်အကောင်အထည်ဖော်ကြမည်လားကို စဉ်းစား ဆုံးဖြတ်စေလိုပါကြောင်း” အကြံပြုဆွေးနွေး သွားခဲ့ပါသည်။
ထို့နောက် ဒေသခံများမှ အပြန်အလှန်ဆွေးနွေးကြရာ မီးလင်းရေးကော်မတီ နာယက ဖြားခွန်ဖိုးရှိန်မှလည်း “ခုမှ လျှပ်စစ်၏သဘောရားနှင့် အစိုးရ၏အကောင်အထည်ဖော် ဆောင်ရွက်နေမှု များကို သိရှိလာရပါကြောင်း၊ မိမိတို့ကျေးရွာသည် စိုက်ပျိုးရေးတောင်သူအများစုဖြစ်နေခြင်းနှင့် ကုန်ကျစရိတ်များပြားခြင်းကြောင့် ကိုယ့်အားကိုယ်ကိုးဆိုရင် အဆင်မပြေနိုင်ကြောင်း၊ ထို့ကြောင့် အစိုးရ၏ အကောင်အထည်ဖော်ဆောင်ရွက်မှုကိုသာ စိတ်ရှည်သည်းခံကာစောင့်ဆိုင်းမှ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း၊ သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် လျှပ်စစ်မှူး ခွန်အောင်ကြီးမှ တွက်ချက်ပေးမည့် ကုန်ကျစရိတ်များပေါ်မူတည်ပြီး မိမိတို့စုဆောင်းထားသော လျှပ်စစ်မီးရံပုံငွေများနှင့် ပြန်လည်ချင့်ချိန်ကာ ကိုယ့်အားကိုယ်ကိုးနှင့်သွားမည်လား၊ အစိုးရကိုစောင့်ဆိုင်းမည်လားကို ထပ်မံစဉ်းစားသွားမည်ဖြစ်ကြောင်း” ပြောကြားသွားခဲ့ပါသည်။ ထို့အပြင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဗဟိုဌာနချုပ်ရုံး၊ လွှတ်တော် ရေးရာဌာနမှ ဝန်ထမ်းများ၊ လေ့ကျင့်ပညာပေးရေးဌာနမှ ဝန်ထမ်းများ၊ ပင်လောင်းမြို့နယ်၊ (ရုံးတာဝန်ခံ)၊ နောင်တရားမြို့နယ်၊ (ရုံးတာဝန်ခံ)တို့မှလည်း လျှပ်စစ်မီး နှင့်ပတ်သက်၍ ၎င်းတို့ဒေသတွင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့်အကြံညဏ်များ၊ အတွေ့အကြုံများကို အပြန်အလှန်မျှဝေကြကာ နေ့လည်(၁၁း၃၀) အချိန်တွင် တွေ့ဆုံဆွေးနွေးပွဲပြီးဆုံးခဲ့ပါသည်။


ခွန်ယွေးယဲင်
ခမ်းစန္တာ;ဟေ့,

Powered by Blogger.