Tuesday, August 29, 2017

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ ဒီပလိုမာ အထူးသင်တန်း ဒုတိယနှစ်သင်တန်းဆင်းပွဲကျင်းပပြုလုပ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၂၉) ရက်






တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး ဒဲဉ်သီးဗွေကွင်းတွင် ဖွင့်လှစ်ထားသော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လုပ်ငန်းခွင်အကြိုဆရာ အတတ်ပညာ ဒီပလိုမာအထူးသင်တန်း ဒုတိယနှစ် သင်တန်းဆင်းပွဲကို (၂၉.၈.၂၀၁၇) ရက်နေ့ နံနက်ပိုင်း (၁၀း၀၀)နာရီအချိန်တွင် ပြုလုပ်ကျင်းပကြောင်း သိရှိရပါသည်။

အဆိုပါသင်တန်းဆင်းပွဲတွင် ပထမနှစ်၊ ဒုတိယနှစ်ကျောင်းသား/သူများက ဆရာ/မများကို လှူဖွယ်ပစ္စည်းများဖြင့် ကန်တော့ခဲ့ကြပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌဖြားတန်ခွန်စံလွင်မှ အဖွင့်အမှာစကားပြောကြားပေးခဲ့ပါသည်။

ထိုသို့အဖွင့်အမှာစကားပြောကြားရာတွင်- ဒီနေ့ဟာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအနေနဲ့သာမက မြန်မာတစ်နိုင်ငံလုံးအတွက် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ပြီး ဗလငါးတန်နှင့် ပြည့်စုံတဲ့ လူတော်လူကောင်းလေးများကို ပြုစုပျိုးထောင်ပေးမည့် ဆရာ/မများ ပေါ်ထွက်လာတဲ့ နေ့တစ်နေ့ဖြစ်တဲ့အပြင် လုပ်ငန်းခွင်အကြိုဆရာအတတ်ပညာဒီပလိုမာအထူးသင်တန်းကျောင်းရဲ့ ပထမဦးဆုံးသင်တန်းဆင်းတဲ့ ဆရာ/မလေးများ မွေးထုတ်ပေးနိုင်ခဲ့တဲ့နေ့ဖြစ်တဲ့အတွက် မင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့နေ့တစ်နေ့ဖြစ်ကြောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ ပညာရေးကဏ္ဍကို တင်ပြရမယ်ဆိုရင် အခြေခံပညာကျောင်းများအနေနဲ့ အ.ထ.က(၁၉)ကျောင်း၊ အ.ထ.ကခွဲ(၁၅)ကျောင်း၊ အ.လ.က (၁၀)ကျောင်း၊ အ.လ.ကခွဲ (၆၃)ကျောင်း၊ မူလွန်ကျောင်း(၇၅)ကျောင်း၊ အ.မ.က(၃၉၈)ကျောင်း၊ အ.မ.ကခွဲ(၈၅)ကျောင်းနှင့် အ.မ.ကတွဲ (၁)ကျောင်း စုစုပေါင်း (၆၆၆)ကျောင်း ဖွင့်လှစ်ထားရှိပြီးဖြစ်ပါကြောင်း၊ ပထမအကြိမ်စတင်ဖွင့်လှစ်တဲ့ ဒီသင်တန်းကြီးမှာ (၂)နှစ်တာကာလ တက်ရောက်ခဲ့ပြီး ယနေ့သင်တန်းဆင်းမဲ့ သားတို့၊ သမီးတို့ကို မှာကြားလိုတာကတော့ လုပ်ငန်းခွင်ကိုရောက်တဲ့အချိန် သင်ကြားပို့ချရာမှာ လည်းကောင်း၊ စည်းကမ်းအရာမှာ လည်းကောင်း၊ သွားလာနေထိုင်ရာမှာ လည်းကောင်း အရာရာမှာ စံပြဖြစ်နေဖို့ လိုအပ်မှာ ဖြစ်ပါကြောင်း ဒီသင်တန်းကျောင်းကြီးဖြစ်ပေါ်အောင် ဆောင်ရွက်ပေးကြတဲ့ တာဝန်ရှိပုဂ္ဂိုလ်များနဲ့ သင်ကြားပို့ချပေးခဲ့တဲ့ ဆရာ/မများရဲ့ကျေးဇူးတရားများကိုလည်း အမြဲအမှတ်ရနေမှာ ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသည့်ကျောင်းသား/သူများအား ဂုဏ်ပြုဆုလက်မှတ်ချီးမြှင့် ပေးခဲ့ပါသည်။

ထိုသင်တန်းဆင်းပွဲကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌဖြားတန်ခွန်စံလွင်နှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် ပြည်နယ်ပညာရေး ဒု-ညွန်ကြားရေးမှူး(စီမံ) ဦးသန်းအေး၊ တောင်ကြီးပညာရေးကောလိပ် ကျောင်းအုပ်ကြီးဒေါ်နန်းဖြူဖောင်း၊ လုပ်ငန်းခွင်အကြိုဆရာ အတတ်ပညာဒီပလိုမာအထူးသင်တန်းကျောင်း ကျောင်းအကျိုးတော်ဆောင်များဖြစ်ကြသော ဦးအုန်းငွေ(ပြည်နယ်ပညာရေးမှူး)၊(ငြိမ်း)၊ ဦးခွန်မောင်ဘော်၊ စင်မွိုးလွိုနှင့် အဖွဲ့ဝင်များ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) အတွင်းရေးမှူး(၃)ဦးခွန်တင်ထွဋ်နှင့် သင်တန်းကျောင်းဆရာ/မများ၊ ကျောင်းသား/သူများ(၃၀၀)ကျော် တက်ရောက်ခဲ့ကြပါသည်။

နန်းတဆံထီ
Powered by Blogger.