အထူးဒေသ(၆)၊ ပအိုဝ်းအမျိုးသားများပိုင် ဗိုလ်ချုပ်ချန်ဇုံ အားကစားကွင်း(နားဘောင်)တွင် ၂၀၁၇/ ၂၀၁၈-ခုနှစ်၊ ပထမအကြိမ် ခွန်ဖြားဗွာခမ်း ခမ်းဗွေးဖလား ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲကို ယနေ့သြဂုတ်လ(၂၃)ရက်နေ့ နံနက်ပိုင်း(၉း၀၀)နာရီအချိန်တွင် တတိယဗိုလ်လုပွဲ၊ နေ့လည်ခင်း(၁း၃၀)အချိန်တွင် ပထမဗိုလ်လုပြိုင်ပွဲ ပြုလုပ်ကျင်းပခဲ့ပါသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲ တတိယဗိုလ်လုပြိုင်ပွဲတွင် လွယ်စင်းဘောလုံးအသင်းနှင့် ထီဖေါင်းဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားရာ အချိန်ပိုအတွင်း လွယ်စင်းအသင်းက ထီဖောင်းအသင်းကို(၂-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ပထမဗိုလ်လုပြိုင်ပွဲတွင် ထီဗွာဘောလုံးအသင်းက နောင်ကားဒုံတန်ဘောလုံးအသင်းကို ပင်နယ်တီအဆုံးအဖြတ်နှင့် (၃-၂)ဂိုးဖြင့် ဗိုလ်စွဲသွားခဲ့ပါသည်။
အသန့်ရှင်းဆုံးဘောလုံးအသင်းဆုကို ထီဖေါင်းဘောလုံးအသင်းမှ၎င်း၊ အကောင်းဆုံးဂိုးသမားဆုကို ထီဗွာဘောလုံးအသင်း ခွန်ဇော်ထက်အောင်မှ၎င်း၊ အကောင်းဆုံးနောက်တန်းဆုကို ထီဗွာအသင်း ခွန်တပုမှ၎င်း၊ အကောင်းဆုံးအလယ်တန်းဆုကို ထီဖေါင်းအသင်း ခွန်တရွာမှ၎င်း၊ အကောင်းဆုံးရှေ့တန်းဆုကို နောင်ကားအသင်း ခွန်လှထွန်းမှ၎င်း၊ ပွဲစဉ်တလျှောက်လုံး အကောင်းဆုံးဘောလုံးသမားဆုကို လွယ်စင်းအသင်း ခွန်ဝင်းဇော်တို့မှ အသီးသီးဆွတ်ခူးရရှိခဲ့ကြပါသည်။
ပထမအကြိမ်ကျင်းပသော နားဘောင်ဒေသဘောလုံးပြိုင်ပွဲတွင် အသင်းပေါင်း(၂၄)သင်းဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။ ပထမဆုရအသင်းကို ငွေကျပ်(၆၀၀၀၀၀ိ)၊ ဒုတိယဆုရအသင်းကို ငွေကျပ်(၄၀၀၀၀၀)၊ တတိယဆုရအသင်းကို ငွေကျပ်(၂၀၀၀၀၀)စီ ချီမြှင့်ပေးခဲ့ပါသည်။
ဆုရဘောလုံးအသင်းများနှင့် အားကစားသမားများကို ဘောလုံးပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီမှ တာဝန်ရှိပုဂ္ဂိုလ်များက ဆုများကို ချီးမြှင့်ပေးခဲ့ပြီး ဘောလုံးပြိုင်ပွဲများကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒဂုံအချိုရည် ယမကာ ကုမ္ပဏီလီမိတက်၊ KBZ ဘိလပ်မြေစက်ရုံ၊ မြန်မာဘီယာနှင့် အခြားအလှူရှင်များက ပါဝင်လှူဒါန်း ကူညီပံ့ပိုးပေးခဲ့သဖြင့် စေတနာရှင် အလှူရှင်များအား ဂုဏ်ပြုမှတမ်းကိုလည်း ပွဲဖြစ်မြောက်ရေးကော်မတီမှ ပြန်လည်ပေးအပ်ခဲ့ပါသည်။
၂၀၁၇/ ၂၀၁၈-ခုနှစ်၊ ပထမအကြိမ် ခွန်ဖြားဗွာခမ်း ခမ်းဗွေးဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ၊ ဝဏ္ဏကျော်ထင် ဖြားတန်စင်ဖာ အောင်ခမ်းထီနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဌ ဖြားတန်ခွန်စံလွင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားတန်ခွန်သိန်းဖေ၊ ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ်နာယက ဖြားတန် ပီတာထွန်းနိုင်၊ ခွန်ဖြားဗွာခမ်း၊ ခမ်းဗွေးဖြားတန်ခွန်မြင့်အောင်၊ PNO /PNA မှ တာဝန်ရှိပုဂ္ဂိုလ်များ၊အထူး ဖိတ်ကြားထားသော ဧည့်သည်တော်များ ဘောလုံးအားကစားပြိုင်ပွဲ ၀ါဿနာရှင်များ၊ ဒေသခံမိဘပြည်သူများ တစ်သောင်းကျော် တက်ရောက်အားပေးခဲ့ကြောင်း သတင်းရရှိသည်။
ခွန်အောင်ထွိုက်ဗွေ
Like On Facebook
Follow On Twitter
Subscribe On RSS