Sunday, September 3, 2017

လူ့အသက်တန်ဖိုး

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၄) ရက်


လူဘဝ၏ သက်တမ်းတစ်ခုတွင် အဖြစ်အပျက်(၃)ခုရှိသည်ဟုရေးသားမည်ဆိုပါက မှားယွင်းလိမ့်မည်မဟုတ်ပေ။ ထိုအရာ(၃)ခုသည် လူသားတို့ မွေးဖွားခြင်း၊ အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းတို့ဖြစ်ပါသည်။

လူတိုင်းမွေးဖွားခဲ့ချိန်များကို ပြန်လည်မခံစားနိုင်၊ မသိနိုင်တော့ပေ။ ထိုသို့မွေးဖွားချိန်မှ သေဆုံးသည့်အချိန်ထိ လူသားတို့သည် လှပတဲ့ကမ္ဘာကိုဖန်ဆင်းပေးနိုင်သည့် သတ္တ၀ါဖြစ်ပေသည်။ ထို့ကြောင့် အသက်ရှင်နေခိုက် မိမိအသက်ကို တန်ဖိုးထားသင့်ပေသည်။ လူတိုင်း မျော်လင့်ချက်နှင့် အသက်ရှင်ကြသည်။

အသက်ရှင်မှသာ မိမိ၏ မျော်လင့်ချက်လိုအင်ဆန္ဒကိုဖြည့်ဆည်းပေးနိုင်လိမ့်မည်။ အသက်ရှင်သန်ခြင်းသည်အရေးကြီးလှပေသည်။ လူ့လောကတွင် မိမိအသက်ကိုမချစ်သောသူမှာအလွန်ပင်ရှားပါးလွန်းလှပါသည်။ အသက်ကို အလွန်မြတ်နိုးတန်ဖိုးထားသည့် လူသည်သာ အသက်နှင့်ထာဝရမကွဲမကွာ နေလိုကြသည်မှာ အမှန်ပင်ဖြစ်သည်။ အသက်နှင့်ကွဲကွာစေသည့် အန္တရာယ်ဟူသမျှ၊ အသက်ကိုထိခိုက်နစ်နာပျောက်ကွယ်မသွားစေရန်အတွက်သတိကြီးစွာဖြင့် လူသားတိုင်းစောင့်ရှောက်ကြလိမ့်မည်မလွဲပေ။ အသက်ရှင်သန်မှသာ လောကအလှတရားကို ခံစားကြရမည်ဖြစ်သည်။ လူ့ဘ၀သည် ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ ရုန်းကန်ခြင်း၊ မုန်းခြင်း၊ ချစ်ခြင်းမေတ္တာတရားစသည့် သဘာဝတရားများနှင့်ပြည့်နှက်နေခြင်းသည် “လူ”  ပီသစေသည့် အရာပင်ဖြစ်ပေသည်။

မိမိတို့နိုင်ငံသည်မြို့ကြီးပြကြီးမှ ကျေးလက်တောရွာများအထိ တိုးတက်ပြောင်းလဲလာကြသည်မှာ အမှန်ပင်ဖြစ်သည်။ ခေတ်ကာလတိုးတက်ပြောင်းလဲလာသည်နှင့်အမျှ နည်းပညာပစ္စည်းများသည်လည်း ကျယ်ပြန့်လာသည်။ ထိုသို့ပြောင်းလဲလာသည်မှာ လူတိုင်းနည်းပညာစက်ပစ္စည်းများကို အလွယ်တကူ ဝယ်ယူသုံးစွဲလာနိုင်ကြသည်။ လူကြီးအစကလေးအဆုံးဆိုသလိုပင် Facebookဆိုသည့် လူမှုကွန်ယက်စာမျက်နှာတွင် မိမိနေထိုင်ရာပတ်ဝန်းကျင်၊ မိမိအလှပုံ၊ ပျော်ရွှင်ခြင်း ၊ ဝမ်းနည်းခြင်း၊ ချစ်ခြင်း၊ မုန်းခြင်း၊ ဒေါသဖြစ်ခြင်း  စသည်နေ့စဉ်ဖြတ်သန်းသည့် အကြောင်းအရာတို့ကိုလည်းပေါ်ပေါ်လွင်လွင် Status များတင်ကြသည်။ အထူးသဖြင့်အမျိုးသမီးများသည် မိမိသိက္ခာကျစေသည့် မလုံ့တစ်လုံပုံများကို အရှက်တရားမဲ့စွာတင်ကြသည်မှာလည်း မကြာခဏမြင်တွေ့နေရသည်မှာ အလွန်ပင် စိုးရိမ်ထိတ်လန့် စေမိပါသည်။ လူငယ်များသည်လည်း လူမှုကွန်ယက်စာမျက်နှာမှ ခံစားချက်များအလွယ်တကူ ပေါက်ကွဲကြပြီး စိတ်ခံစားချက် အသားပေးသည့်အရာကိုလည်း ပို၍နှစ်သက်ကြပေသည်။ လူတွေရဲ့စိတ်သည် မကောင်းမှုတွင်မွေ့လျော်ကြသည်။ ထို့ကြောင့်စားချိန်၊ အိပ်ချိန်မမှန် နေ့နေ့ညညမိမိအချိန်ကို ကောင်းကျိုးရှိစွာ အသုံးမပြုပဲမကောင်းမှုတွေနှင့်သာကုန်ဆုံးနေကြသည်မှာစိုးရိမ်ဖွယ်ရာဖြစ်သည်။

ထို့နည်းတူစွာ Facebook ထဲတွင်သာမက အပြင်လောကတွင်လည်း လောဘ၊ ဒေါသ၊ မာန်မာန ဖုံးလွှမ်းခြင်းများနှင့်အဆိုးမြင်တတ်တဲ့အဆိုးမြင်ဝါဒီလည်းပြည့်နက်လို့နေပါသည်။ ထိုသို့တိုးတက်ပြောင်းလဲလာသည်နှင့်အမျှကောင်းကျိုးထက်ဆိုးကျိုးပို၍များပြားလာသည်မှာ လူတိုင်းသတိထားမိမှာအမှန်ပင်ဖြစ်သည်။ ကားမောင်းစဉ် ဖုန်းသုံးနေကြသည်မှာလည်း မိမိအသက်အန္တရယ်ကို ဖိတ်ခေါ်သလိုဖြစ်လာနိုင်သည်ကိုလူတိုင်းသတိပြုမိမည်ဖြစ်ပါသည်။ လူငယ်များအနေဖြင့် လူမှုကွန်ယက်စာမျက်နှာကို အကျိုးရှိစွာ အသုံးချသင့်ပေသည်။ မိမိ၏အသက်ကို တန်ဖိုးထားမြတ်နိုးသင့်ပေသည်။  အထူးသဖြင့် အမျိုးသမီးငယ်အတွက် လူမူကွန်ယက်မှမိမိအသက်အန္တရာယ်ကို ဖိတ်ခေါ်သလိုဖြစ်သွားလျှင် အလွန်အန္တရာယ်များလွန်းလှပေသည်။ လူမှုကွန်ယက်မှ သူစိမ်းနှင့်ချစ်ကျွမ်းဝင်ကာ အပြင်မှချိန်းတွေ့ရာ တဖက်သူစိမ်း၏ ရန်လိုခြင်း ၊ လုယက်ခြင်း၊ အသတ်ခံရခြင်း၊  မုဒိန်းကျင့်ခံရခြင်းများနှင့် ကြုံတွေ့ကာ အသက်ဆုံးရှုံးရသည်များကို တွေ့မြင်နေရပါသည်။ ထိုသို့ စိတ်လိုက်မာန်ပါ မှားယွင်းသောဆုံးဖြတ်ချက်နှင့် “ အချစ်တွက်အသက်ပင်သေသေ” ဆိုသည့်စကားအတိုင်း ယုံမှားကာ မိမိအသက်ကိုမှ မနှမြော လူမှုကွန်ယက်မှ အလွယ်တကူတွေ့ဆုံကာ ချစ်ကျွမ်းမိသောကြောင့်  အသက်ကိုစတေးကြရသည်ထိ ကြားနေမြင်နေရသည်မှာ လူတိုင်းစိုးရိမ်မှု၊ စိတ်မချမ်းမြေ့မှု ဖြစ်စေသည်။ ထိုသို့တန်ဖိုးရှိလှသည့် မိမိတို့၏ အသက်ကိုပင် သိတရားကင်းမဲ့စွာ အလွယ်တကူအကြွေစောစေသည်မှာ ကြောက်စရာကောင်းလှပေသည်။

ယနေ့ခေတ်မိဘများသည်လည်း သားသမီးအပေါ်အလိုလိုက် အကြိုက်ဆောင် အချစ်မှားကြသည်။ စားဝတ်နေရေးအတွက် အချိန်နှင့်အမျှ ရုန်းကန်လုံးပန်းနေရခြင်းကြောင့်လည်း သားသမီးတွေကို လမ်းမှားရောက်အောင် တွန်းပို့နေသလိုပင်ဖြစ်သည်။ ထိုသို့မှားယွင်းသော ဆုံးဖြတ်ချက်တို့သည် တန်ဖိုးရှိလှသော လူ့အသက်ကိုဆုံးရှုံးရသည်အထိရှိနေခြင်းသည် ရင်လေးဖွယ်ရာဖြစ်ပေသည်။

ထို့အတူအသိပညာရရှိရေး၊ အမှန်တရားကိုသိမြင်ရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ကောင်းမြတ်စင်ကြယ်ရေးအတွက် အားမထုတ်ကြဘဲ တစ်နေ့ထက်တစ်နေ့ လူမှုကွန်ယက်စာမျက်နှာတွင်သာ မိမိ၏ဘဝအချိန်များစွာကုန်ဆုံးစေသည်ကို တွေ့မြင်နေရပါသည်။ လူမှုကွန်ယက်စာမျက်နှာတွင် လူများစွာသည် မရှက်ကြပေ။ ပစ္စည်းဥစ္စာတိုးတက်ရေး၊ ဂုဏ်သိက္ခာတိုးတက်ရေး၊ ထင်ပေါ်ကျော်စောရေးအတွက်သာ လောဘတကြီးကြိုးစားနေစဉ် လောဘရဲ့လှည့်စားမှုအတွင်းမှာ အရှက်မဲ့စွာ အသက်ကုန်သွားကြသည်လည်း တွေ့မြင်နေရပါသည်။ ဘဝတစ်ခုဆုံးရှုံးသွားရသည်။

ထို့ကြောင့် “ ဥစ္စာကိုကံစောင့်၊ အသက်ကိုဥာဏ်စောင့် ” ဆိုသည့်အတိုင်း အသက်ကို ဥာဏ်ပညာနှင့် ထိန်းသိမ်းစောင့်ရှောက်ကာ  တန်ဖိုးထားရမည်ဖြစ်သည်။ အသက်ရှိနေသမျှ ကောင်းသော စေတနာ၊ မှန်သောအသိဥာဏ်၊  ရဲရင့်ခိုင်မာသောဝီရိယတို့ဖြင့် မိမိဘဝဖြစ်စဉ်ကို ကောင်းသည်ထက် ကောင်းအောင်၊ မွန်မြတ်သည်ထက် မွန်မြတ်အောင် ဖန်တီးနေထိုင်ရမည်ဖြစ်သည်။ မိမိကိုယ်တိုင် မိမိအသက်ကို မိမိတန်ဖိုးထားမှသာ မိမိမျော်လင့်ချက်ရဲ့ လိုအင်ဆန္ဒကိုအပြည့်အဝဖြည့်ဆည်း နိုင်လိမ့်မည်ဖြစ်သည်။

နန်းအိန်ခေ
Powered by Blogger.