Wednesday, September 27, 2017

“ရောက်ရှိနေထိုင်ရာမည်သည့်ဒေသတွင်မဆို မိမိတို့ပအိုဝ်းဂုဏ်သတ္တိများ ထုတ်ဖော်ပြသဖို့ လိုအပ်” ဟု ခွန်စောလွင်ပြော

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်






အထူးဒေသ(၆)၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ဆဟောင်းကျေးရွာအုပ်စု၊ လွယ်လောဝ်ဘုန်းတော်ကြီးကျောင်း၌ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ(၂၇)ရက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ခမ်း၊ နယ်;၊ အွိုင်;အဖွဲ့မှ ပြုလုပ်ကျင်းပသော လူထုတွေ့ဆုံပွဲတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ ပြည်သူ့ဆက်ဆံရေး ဌာန၊ ဌာနမှူး ခွန်စောလွင်က  ဤသို့ ပြောဆိုခဲ့သည်။

အဆိုပါ လူထုတွေ့ဆုံတွင် “ ကျွန်တော်တို့ ပအိုဝ်းတွေမှာ ဂုဏ်သတ္တိတွေ ရှိတယ်၊ ဥပမာ-ကြံပင်လိုဘဲ အရသာချိုတယ်။ ကြံပင်ကို ဒီတိုင်းကိုက်စားလည်း ချိုတယ်၊ စက်နဲ့ကြိတ်လည်း အရသာချိုတာ မပျက်ဘူး။ ဒီတိုင်းဘဲ ကျွန်တော်တို့ ပအိုဝ်းတွေရဲ့ ဂုဏ်သတ္တိက စည်းလုံးညီညွတ်ခြင်းဘဲ။ ဒီအချိန်မှာ ပအိုဝ်းလူမျိုးကို သွေးခွဲဖို့ ရှိကောင်းရှိလိမ့်မယ်။ ဒါကြောင့် ဒီစည်းလုံးခြင်းဂုဏ်သတ္တိတွေကို ဘယ်နေရာ၊ ဘယ်ဒေသမှာဘဲ ရောက်ရောက်၊ ကျွန်တော်တို့ဟာ ပအိုဝ်းလူမျိုး၊ တစ်အိုဝ်းတည်းဖြစ်တယ်ဆိုတာ ပြသဖို့ လိုပါတယ်” ဟု ၎င်းက ပြောပါသည်။

ကမ္ဘာပေါ်တွင် ယခင်က လူမျိုးပေါင်း(၆၀၀၀)ရှိခဲ့သော်လည်း ယခုအခါတွင် (၃၀၀၀)ကျော်လောက်သာ ကျန်ရှိတော့သည်ဟု သိရှိရကြောင်း၊ ဤသည်မှာ တစ်ချို့က နယ်ချဲ့ခံရပြီး လူမျိုးတုံးသတ်ဖျက်မှုများကြောင့် သော်လည်းကောင်း၊ တစ်ချို့က မိမိဘာသာ၊ ယဉ်ကျေးမှုများကို မထိန်းသိမ်းသောကြောင့် သော်လည်းကောင်း ကွယ်ပျောက်ရခြင်းဖြစ်ကြောင်း၊ လူမျိုးတစ်မျိုး၏ အသက်သွေးကြောသည် ဘာသာစကား၊ စာပေ၊ ယုံကြည်မှု၊ ဓလေ့ထုံးတမ်းများပင် ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ပအိုဝ်းသည်လည်း မိမိတို့လူမျိုး ကွယ်ပျောက်မသွားစေရန် လူမျိုးတစ်မျိုး၏ ဂုဏ်အင်္ဂါလက္ခာဏာများကို စည်းစည်းလုံးလုံးဝိုင်းဝန်း ထိန်းသိမ်းရမည် ဖြစ်ကြောင်း အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)-ပအိုဝ်းအမျိုးသားတပ်မတော်(PNA)၊ တွဲဖက်ကွပ်ကဲရေးမှူး(၂) ဒု-ဗိုလ်မှူးကြီး ဖြားခွန်လာမဲင်းက လုံခြုံရေးနှင့်ကာကွယ်ရေး ဟောပြောရာတွင် သတိပေး ပြောကြားခဲ့သည်။

ထိုတွေ့ဆုံပွဲတွင် အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)-ပအိုဝ်းအမျိုးသားတပ်မတော်(PNA)၊ တွဲဖက် ကွပ်ကဲရေးမှူး(၂) ဒု-ဗိုလ်မှူးကြီး ဖြားခွန်လာမဲင်းက ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စများကို သော်လည်းကောင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ အကြံပေး ဗိုလ်မှူး ခွန်ဆန်းကျော်က တစ်နိုင်လုံးပစ်ခတ် တိုက်ခတ်မှုရပ်စဲရေး(NCA)အကြာင်း၊ စစ်ဘက်ဆိုင်ရာလိုက်နာရမည့်ကျင့်ဝတ်နှင့် အမျိုးသားအခွင့်အရေးကို သော်လည်းကောင်း၊ ပအိုဝ်းအမျိုးသားတပ်မတော်(PNA)၊ တပ်ရင်း(၃)မှ ဒု-တပ်ရင်းမှူး ဗိုလ်မှူးမွန်က ကျေးရွာများတွင် ထားရှိရမည့်စည်းမျဉ်းစည်းကမ်းများကို သော်လည်းကောင်း၊ (PNO)ဗဟိုဌာနချုပ်ရုံး၊ ပြည်သူ့ဆက်ဆံရေးဌာနမှ ဌာနမှူးခွန်စောလွင်က ဗဟိုဌာနချုပ်ရုံး ဖွဲ့စည်းပုံနှင့် ဌာနတစ်ခုချင်း၏ လုပ် ဆောင်ချက်များကို သော်လည်းကောင်း အသီးသီး ဟောပြောပေးခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါတွေ့ဆုံပွဲတွင် ဟဲနန်းကျေးရွာအုပ်စု၊ ဆဟောင်းကျေးရွာအုပ်စု၊ ပန်မုန့်ကျေးရွာအုပ်စုများမှ ဒေသခံ(၄၀၀)ကျော်တက်ရောက်ခဲ့ပြီး တက်ရောက်လာကြသော ကျေးရွာအုပ်ချုပ်ရေးမှူးများက ဒေသ လိုအပ်ချက်များ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ရှင်းလင်းတင်ပြကြကာ ဒေသခံများက မိမိတို့ကျေးရွာ၏ လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

နဂ့ါခွန်
Powered by Blogger.